
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်
ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်တွင် စက်တင်ဘာလ ၈ ရက်နေ့က ကလေးငယ် ၄ ဦးရေနစ်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖောင်တော်ချိတ်ဘုရားအနီး ဧရာ၀တီမြစ်အတွင်းတွင် ရေဆင်းကူးသည့် ကလေးငယ် ၄ ဦး ရေနစ်ပျောက်ဆုံးခဲ့ပြီး၂ ဦးအလောင်းသာပြန်တွေ့ခဲ့ကြောင်းဒေသခံများထံမှသိရှိရသည်။
“ကြားတာတော့ ယောကျ်ားလေး ၃ ဦး၊ မိန်းကလေးတစ်ဦး လို့ပြောတယ်။ မိန်းကလေးက သူ့မောင်လေးရေနစ်နေလို့ ဆင်းဆယ်ရင်းသူပါနစ်သွားတာလို့
သိရတယ်၊ သူတို့ဆင်းကူးတဲ့နေရာက ရေဝဲသဘောမျိုးဖြစ်နေတာ ၂ ယောက်ကတော့အလောင်းပြန်တွေ့ပြီ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရေနစ်သူများမှာ အသက် ၉ နှစ်၊ ၈ နှစ်၊ ၇ နှစ်အရွယ် ယောင်္ကျားလေး ၃ ဦးနှင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦးတို့ ဖြစ်ကြပြီး မီးသတ်တပ်ဖွဲ့၀င်များ၊လူမှုကူညီရေးအဖွဲ့များနှင့်ပြည်သူများမြစ်အတွင်းရှာဖွေခဲ့ရာတွင် မိန်းကလေးနှင့် ယောကျာ်းလေးတစ်ဦးအလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့သေးကြောင်းသိရှိရသည်။
ကလေးငယ်များမှာ လူကြီးများနှင့်အတူ ဘုန်းကြီးကျောင်းတွင် ဥပုဥ်စောင့်လိုက်ရာမှ ဖောင်တော်ချိတ်ဘုရား အနီးလမ်းမှတစ်ဆင့်မြစ်အတွင်းသို့ ဆင်းကာရေကူးကြရာမှရေနစ်ကြခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။
ရေနစ်သေဆုံးပြီးရှာဖွေတွေ့ရှိခဲ့သည့် ကလေးငယ် ၂ ဦး၏ ရုပ်အလောင်းကို ဇလွန်မြို့ဆေးရုံသို့ပို့ဆောင်ထားပြီး ပျောက်ဆုံးသူ ၂ ဦးကို ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။
#ဇလွန်မြို့ #ကလေးငယ်လေးဦး #ရေနစ်သေဆုံး #စစ်ကောင်စီတပ် #Ayeyarwaddy_Times