
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
ဆားလင်းကြီးမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူများသည် သောက်သုံးရေ ရရှိရန် ခက်ခဲကာ ရေဆိုးများကိုသာ သောက်သုံးနေရ၍ ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့တွင် ဓားမဆိုင်းတပ်ရင်း (၂၈) က ရေတွင်းတူးပေးခဲ့ကြောင်းသိရသည်။
ဆားလင်းကြီးရှိ ရွာပေါင်း ခုနစ်ရွာ ရှစ်ရွာခန့်မှ စစ်ဘေးရှောင်လာကြသည့် ဒေသခံလူဦးရေ ၅၀၀ ကျော်သည် သောက်သုံးရေ ရရှိရန် အခက်အခဲများနှင့် ကြုံနေရ၍ တော်လှန်ရေးလုပ်ရင်း ကူညီခဲ့ခြင်းဖြစ်ပြီး ငွေကျပ် သိန်း ၅၀ ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။
“စစ်ဘေးရှောင်နေရတဲ့နေရာက သောက်သုံးရေ အရမ်းရှားတဲ့နေရာဗျ။ ထွက်ပြေး တိမ်းရှောင်လာတဲ့ လူအရေအတွက်ကများတော့ ရေအခက်ခဲ ဖြစ်တာပေါ့။ အလွယ် တကူရယူနိုင်တဲ့ ချောင်းရေကလည်း အဝေးကြီးမှာ သွားရတာလေ။ နောက်ပြီး မိုးတွင်း ကာလဆိုတော့ သောက်လို့အစဥ်မပြေတာကြောင့် ယခုလို ပေ ၂၀၀ ကျော်ရှိတဲ့ ရေတွင်း တူးလှူဒါန်းခဲ့တာ” ဟု ဓားမဆိုင်း တပ်ရင်း (၂၈) တည်ထောင်သူ ဗိုလ်စွမ်းသူမောင် က ဧရာဝတီတိုင်းမ် ကိုပြောသည်။
ယင်းမာပင်ခရိုင် ဓါးမဆိုင်းတပ်ရင်း (၂၈) သည် ဒေသအတွင်း စစ်ဘေးရှောင်နေရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အလွယ်တကူ မွေးဖွားနိုင်စေရန် အနိုင်းမဲ့ရင်ခွင် ဆေးခန်းဖွင့်လှစ်ပေးထားပြီး စစ်ဘေးရှောင်ဒေသခံများ သောက်သုံးရေအခက်ခဲ ရှိလာမှုကြောင့် ရေတွင်းတူးပေးခြင်း ကိုပါ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေး ရှောင်များထံက သိရသည်။
ပုံစာ- ဓားမဆိုင်းတပ်ရင်း၂၈ က ရေတွင်းတူဖော်ပေးနေစဉ်
#ဆားလင်းကြီးစစ်ဘေးရှောင်များ #သောက်သုံးရေရရှိရန် #ခက်ခဲ #ရေတွင်းတူးလှူ #ဓားမဆိုင်းတပ်ရင်း၂၈ #Ayeyarwaddy_Times