
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
မြန်မာပဋိပက္ခကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော မဟာဗျူဟာကြိုးပမ်းကြဖို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နိုင်ငံအားလုံးကို တိုက်တွန်းလိုက်ပါတယ်။
“ဘုံသဘောတူညီချက် ၅ ရပ်မှတစ်ဆင့် အာဆီယံအဖွဲ့ရဲ့ အဖြေရှာမှုကို ကျွန်တော် ကြိုဆိုပြီး မြန်မာပဋိ ပက္ခကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော မဟာဗျူဟာကြိုးပမ်းကြဖို့ နိုင်ငံအားလုံးကို တိုက်တွန်းပါတယ်” လို့ စက်တင်ဘာလ ၇ ရက်က ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ သတင်း စာရှင်းလင်းပွဲမှာ ဂူတာရက်စ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုအခြေအနေ ဆိုးရွားလာတာနဲ့ပတ်သက်လို့ စိုးရိမ်မိတယ် လို့ ဂူတာရက်စ်က ဆိုပါတယ်။
“ရခိုင်ပြည်နယ်နဲ့ ကြောက်မတ်ဖွယ်ရာ အခြေအနေမှာ နေထိုင်နေရတဲ့ ဒုက္ခသည်တွေရဲ့ ဘေးဒုက္ခတွေ အ ပါအဝင် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားလာတာနဲ့ပတ်သက် လို့ ကျွန်တော် အလွန်အမင်း စိုးရိမ်နေဆဲဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို နားထောင်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ဒီမို ကရေစီအုပ်ချုပ်ရေး ပြန်သွားမယ့်လမ်းကြောင်း ဖွင့်ပေးဖို့ စစ်တပ်အာဏာပိုင်တွေကို အရေးတကြီး တောင်းဆိုပါ တယ်လို့ ဂူတာရက်စ်က ပြောပါတယ်။
မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံအဖွဲ့က စည်းလုံးညီညွတ်မှုရှိရေး အင်ဒိုနီးရှားနိုင်ငံက အာ ဆီယံ အလှည့်ကျဥက္ကဌသက်တမ်းအတွင်း အစွမ်းကုန် ကြိုးပမ်းခဲ့တယ်လို့ အစောပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားခဲ့ပါတယ်။
“မြန်မာ့အရေးအတွက် ငြိမ်းချမ်းသော တာရှည်ခံသော အဖြေတစ်ခု ရှာဖွေနိုင်မှသာ အာဆီယံအဖွဲ့က အင်ပြည့်အားပြည့် ရှေ့ဆက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” လို့ စက်တင်ဘာလ ၄ ရက်က ဂျကာတာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) ဖွင့်ပွဲအခမ်းအနားမှာ သူက ဆိုပါတယ်။
ကိုးကား – Antara News
Ref; All countries should find unified strategy for Myanmar: UN Sec-Gen