
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
မကြာသေးမီက အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှုခံထားရတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၊ မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့နဲ့ ငွေကြေးကိစ္စတွေ ရှောင်ကြဉ်ကြဖို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က ပြည်တွင်းဘဏ်တွေကို ညွှန်ကြားလိုက်ပါတယ်။
အဆိုပါ မြန်မာဘဏ်နှစ်ခုဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီတစ်ခုဖြစ်တဲ့ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံး (OFAC) ရဲ့ ဒဏ်ခတ်အရေးယူမှုခံထားရတယ်လို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က ပြီးခဲ့တဲ့လအတွင်း ဘဏ်အားလုံးကို စာတွေ ပေးပို့ခဲ့ပါတယ်။
မြန်မာဘဏ် ၂ ခုကို ဒဏ်ခတ်အရေးယူကြောင်း ဒါကာမြို့တော်ရှိ အမေရိကန်သံရုံးက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြားပြီးနောက် ဗဟိုဘဏ်က စာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်တဲ့ Sonali Bank ရှိ မြန်မာဘဏ် ၂ ခုရဲ့ ငွေကြေးစာရင်းတွေကို အ ရေးယူဖို့လည်း အမေရိကန်သံရုံးက နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့ပါတယ်။
အမေရိကန်သံရုံးမှ အကြောင်းကြားချက် လက်ခံရရှိပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက Sonali Bank မှာရှိတဲ့ မြန်မာဘဏ် ၂ ခုရဲ့ ငွေကြေးစာရင်းတွေနဲ့ပတ်သက်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများဌာနသို့ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် Sonali Bank က မြန်မာဘဏ် ၂ ခုရဲ့ ငွေကြေးစာရင်း တွေကို ထိန်းချုပ်ခဲ့တယ်လို့ စီအီးအို အက်ဇယ်ကာရင်က the Daily Star သို့ မကြာသေးမီက ပြောကြားခဲ့ပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဘဏ်ရဲ့ အမြင်တွေအပေါ်အခြေခံပြီး နောက်ထပ် အရေးယူမှုတွေ ပြုလုပ်သွားမယ်” လို့ သူက ဆိုပါတယ်။
ဒီနှစ် ဇွန်လအတွင်း အမေရိကန်နိုင်ငံက အဆိုပါဘဏ် ၂ ခုနဲ့ မြန်မာကာကွယ်ရေးဝန်ကြီးဌာနကို ဒဏ် ခတ်အရေးယူခဲ့ပါတယ်။
ကိုးကား – The Daily Star
Ref; Refrain from transacting with US sanctioned Burmese banks: BB