ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ စက်တင်ဘာလ ၈ ရက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ဆင်ဝိုင်းရွာကို ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၆ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ညံလယ်ရွာအနီးတွင် MRF-Nattalin အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ် ဦးထိခိုက်ခဲ့သည့် အတွက် အောက်ဆင်ဝိုင်းရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၂၆ လုံးမီးလောင်ကျွမ်းခဲ့ကြောင်း နတ်တလင်း(ပကဖ)ထံက သိရသည်။

“သူတို့(စစ်တပ်) ကတက်လာတာကို မိုင်းဆွဲလို့ မီးရှို့တာပါ။ အခုတော့ သူတို့က ကွင်းကျယ် ရွာမှာအထိုင်စခန်းချထားတာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လပိုင်း ကလည်း ကြက်မနက်ရွာက လူနေအိမ် နှစ်လုံးနဲ့စာသင်ကျောင်း ကျောင်းဆောင် တစ်လုံး မီးရှို့ခံရသေးတယ်” ဟုနတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကို ပြောသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းရှိ မုန်တိုင်ပင်ကျေးရွာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် ဒေသခံများ၏ နေအိမ်များကို ရွာလုံးကျွတ် မီးရှို့မှုများ လုပ်ဆောင်ခဲ့သည့် ဗိုလ်မှူးချုပ် ကြည်သိုက်ကို ပြီးခဲ့သည့်ဩဂုတ်လအတွင်းက တောင်ငူမြို့နယ်အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့သည်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၉ (DSA-39) ဆင်း ဗိုလ်မှူးချုပ်ကြည်သိုက်သည် ရန်ကုန်တိုင်း၊ ဖူးကြီးဒေသအခြေစိုက် စကခ (၄) ၏ တပ်မမှူးအဖြစ်တာဝန်ယူ၍ ၂၀၂၁ ခုနှစ်တွင် ၎င်း၏လက်အောက်ခံ တပ်ရင်းများနှင့်အတူ စစ်ကိုင်းတိုင်းအတွင်း မီးရှို့ လူသတ်မှုများ လုပ်ဆောင် ခဲ့သည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဗိုလ်မှူးချုပ် ကြည်သိုက်ပြောင်းရွှေ့လာပြီးနောက် ပဲခူးတိုင်းအတွင်းရှိ နတ်တလင်းမြို့နယ်၊ ဖြူးမြို့နယ် များတွင် နေအိမ်မီးရှို့မှုများရှိခဲ့ပြီး မီးရှို့မှုများကို ခပ်စိပ်စိပ် လုပ်ဆောင် လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

#နတ်တလင်း #နေအိမ်မီးရှို့ #စစ်တပ် #စစ်ကြောင်းထိုး #တိုင်းမှူးပြောင်း #Ayeyarwaddy_Times