ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၈ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၅ ရက်နေ့က တာကျိုးပြီး ရေ၀င်ရောက်မှုကြောင့် လူနေအိမ် ၁၅၀ ကျော် ရေနစ်မြုပ် နေကြောင်း ဒေသခံများထံမှသိရှိရသည်။

ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ဖြတ်တာတစ်ခုကျိုးပေါက်ခဲ့ပြီး အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာမှ အိမ်ခြေ ၁၅၀ နီးပါးရေနစ်မြုပ်ခဲ့ပြီး ကျန်နေအိမ်များကိုလည်းရေလွှတ်ရာမှာ ရွှေ့ပြောင်းနေထိုင်ကြရကြောင်းသိရှိရသည်။

“ခုလောလောဆယ်တော့ ရေနစ်မြုပ်တဲ့အိမ်ထောင်စုတွေရော ၊ ရေလွှတ်ရာကိုရွှေ့လာသူတွေရော တာဘောင် ကုန်းမြင့်ပေါ်မှာ တဲတွေထိုးပြီးနေနေရတယ်။ စားသောက်ဖို့နဲ့ကျန်းမာရေးအခက်အခဲတွေလဲရှိနေတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ရေနစ်မြုပ်ခံရသော ဒေသခံမိသားစု၀င်များနှင့် ကြိုတင်ပြောင်းရွှေ့လာသော မိသားစု

၀င်များ စုစုပေါင်း ၂၉၇ အိမ်နီးပါး တာဘောင်များတွင် ယာယီတဲများထိုးပြီးနေထိုင်နေရကြောင်းသိရှိရသည်။

ဧရာဝတီတိုင်းတွင် စက်တင်ဘာလ အစပိုင်းမှာတင် မြို့နယ်လေးမြို့နယ်က ကျေးရွာများမှာ မြစ်ရေတိုက်စားပြီးကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၆၀ ကျော်အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း ဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှတ်တမ်းများအရသိရှိရသည်။

#ဟင်္သာတမြို့နယ် တမြို့နယ် #တာကျိုး #လူနေအိမ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times