ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၇ ရက်

စစ်ကောင်စီတပ်မှ အရာရှိငယ်များမှာ ရှေ့တန်း (စစ်ဆင်ရေး) ထွက်၍ စစ်တိုက်ရမည်ကို စိုးရိမ်သဖြင့် တပ်မှပြုလုပ်သော မွမ်းမံသင်တန်းများ တက်ရောက်ခွင့်ရရေးအတွက် အထက်အရာရှိကြီးများကို အပြိုင်အဆိုင် လာဘ်ထိုးကာ သင်တန်းတက်ခွင့်ရရေး ကြိုးပမ်းမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

အာဏာသိမ်း စစ်ကောင်စီတပ်မှာ ဒေသအသီးသီး၌ စစ်မျက်နှာဖွင့်၍ ထိုးစစ်ဆင်နေပြီး ထိခိုက်သေဆုံးမှု များပြားနေသည့်အတွက် နောက်တန်းမှ ဒုဗိုလ် (၁ ပွင့်)၊ ဗိုလ် (၂ ပွင့်)နှင့် ဗိုလ်ကြီး (၃ ပွင့်) အဆင့်ရှိ အရာရှိငယ်များမှာ ရှေ့တန်းမလိုက်လို၍ မွမ်းမံ သင်တန်းများတက်ခွင့်ရရေး အလုအယက် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

“အရင်တုန်းက တပ်ကနေ သင်တန်းလွှတ်ရင် မတက်ချင်ကြဘူး။ သင်တန်းမှာကျ အနေအစား ခက်တယ်။ အောက်ဆိုဒ် (အပိုင်ဝင်ငွေ) လည်း မရဘူး။ တပ်မှာနေတာက ပိုအဆင်ပြေတယ်။ အခုကျတော့ မွမ်းမံ သင်တန်းပါရင် ရှေ့တန်းမထွက်ရတဲ့အတွက် သင်တန်းပါဖို့ကို အထက်လူကြီးတွေ အပြိုင်အဆိုင် လာဘ်ထိုးပြီး ကြိုးပမ်းနေကြတယ်”ဟု နေပြည်တော်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတစ်ခုမှ သတင်းရင်းမြစ် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှာ ရန်ကုန်တိုင်းနှင့် ဧရာ၀တီတိုင်းမှလွဲ၍ ကျန်ဒေသအားလုံးတွင် ထိုးစစ်ဆင်ခြင်းနှင့် တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်မှုအများအပြား ကြုံတွေ့နေရပြီး တပ်ရင်းမှူး ဗိုလ်မှူးအဆင့်၊ တပ်ခွဲမှူး ဗိုလ်ကြီးအထိပါ သေဆုံးမှုများနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်နေသည်။

“အခုက ရှေ့တန်းထွက်ရင် ကျတာတွေ၊ ဒဏ်ရာရတာတွေနဲ့ အဖမ်းခံရတာတွေဖြစ်နေတာ့ တပ်ထဲမှာက ရှေ့တန်းထွက်ဖို့ကို တော်တော်လန့်နေကြတယ်။ အရာရှိပိုင်းတွေကအစ စစ်မတိုက်ချင်ကြတော့ဘူး။ အဲဒါကြောင့် အခုလိုတွေ ရှေ့တန်းမထွက်ရဖို့ နည်းမျိုးစုံ ကြိုးစားနေကြတာ”ဟု နေပြည်တော်မှ တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် တပ်တွင်း၌ အရာရှိစစ်ဗိုလ်များ ရှေ့တန်းမထွက်ရရေး အတွက် နည်းမျိုးစုံ အကြောင်းပြကာ ထွက်ရမည့်နယ်မြေဒေသအလိုက် ရှေ့တန်းမပါစေရန် တပ်ထိပ်ပိုင်းအရာရှိကြီးများကို လာဘ်ငွေပေးကာ လုပ်ဆောင် နေကြကြောင်း သိရသည်။

ရှေ့တန်းသို့ စစ်ကြောင်းထွက်ရာတွင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း အညာဒေသဘက်သို့ ဆိုပါက သိန်း ၈၀ မှ သိန်း ၁၀၀ နီးပါးပေးဆောင်ရပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များရှိရာ ဒေသများသို့ ရှေ့တန်းထွက်ရမည်ဆိုပါက ရှေ့တန်းမထွက်ရ ရေးအတွက် ငွေကျပ် သိန်း၂၀၀ အထက် လာဘ်ထိုးကြရပြီး အဆိုပါလာဘ်ငွေမှာ လပိုင်းအတွက်သာဖြစ်ပြီး နောက်ထပ်အကြိမ်များအတွက် အာမခံချက်မရှိကြောင်း သိရသည်။

ဓာတ်ပုံ – တပ်မတော် (ကြည်း)
#ရှေ့တန်း #စစ်သင်တန်း #အရာရှိ #လာဘ်ထိုး #စစ်ဆင်ရေး Ayeyarwaddy_Times