
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အမျိုးသား ငါး ဦးမှာ ပျောက်ဆုံးနေပြီး ယနေ့ စက်တင်ဘာ ၇ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။
အဆိုပါ အမျိုးသား ငါးဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ၎င်းတို့၏ နေထိုင်ရာအိမ်တွင် စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“အဖမ်းခံရတာကြာပြီ။ အဆက်အသွယ်မရဖြစ်နေပြီး လိုက်စုံစမ်းလို့ လည်းမရဘူး ဖြစ်နေတယ။၊ ကြာပြီစုံစမ်းနေတာ။ အရပ်ဝတ်တွေနဲ့ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)တွေဝင်ဖမ်းသွားကြတာ အခုအချိန်ထိပျောက်နေတယ်” ဟု လှိုင်မြို့နယ် ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ ငါး ဦးမှာ ကိုအောင်ကြီး (ခ) ကိုအောင်ဇော်လင်း၊ မိုးတိမ် (ခ) ကိုအောင်ခန့်ဖြိုး၊ ကင်း (ခ) ကိုပြည့်ဖြိုးငြိမ်း၊ သံချောင်း (ခ) ကိုညီညီထွေး နှင့် Zee (ခ) ကိုပြည့်ဖြိုးခန့်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသား ငါး ဦးသည် ဖေဖော်ဝါရီလတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်၍ ပျောက်ဆုံးနေသည်မှာ ခုနစ် လကျော်အထိကြာနေပြီဖြစ်ပြီး ယနေ့အချိန်အထိ မိသားစုနှင့် ဆက်သွယ်စုံစမ်း၍မရဘဲ စစ်ကြောရေးတွင် သေဆုံးသွားခြင်း ရှိမရှိကိုလည်း အတည်မပြုနိုင်ခြင်းမရှိသေးကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးထံက သိရသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရပြီး ပျောက်ဆုံးနေသည့် အမျိုးသား ငါးဦးကို စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် အကြမ်းဖက် PDF များဖြစ်သည် ဟု ဖော်ပြထားသည်။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည့်ပုံ
#လှိုင်မြို့နယ် #PDFဟုစွပ်စွဲဖမ်းဆီး #အမျိုးသား၅ဦး #မိသားစုနှင့်အဆက်အသွယ်မရ #ပျောက်ဆုံးနေ #Ayeyarwaddy_Times