
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို တရားဥပဒေအရ ခုခံပိုင်ခွင့်မပေးဘဲ အင်းစိန်အကျဉ်းထောင်ရှိ စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။
ကိုစိုင်းဇော်သိုက်သည် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မိုခါ ဆိုင်ကလုန်း မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများကို သတင်းယူနေစဉ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ ၆ ရက်နေ့က အင်းစိန်အကျဉ်းထောင်ရှိ စစ်ခုံရုံးမှ မတရား အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း Myanmar Now သတင်းဌာနက ထုတ်ပြန်ထားသည်။
” အခုလို ကိုစိုင်းကို ထောင်ဒဏ်နှစ်ရှည်ကြီးချမှတ်တာကြားရတဲ့အတွက် ကျွန်တော်နဲ့ Myanmar Now အဖွဲ့သားများအားလုံးစိတ်ထိခိုက်ကြေကွဲပါတယ်။ သူက ကျွန်တော်တို့နဲ့အတူ ၂၀၁၇ ကတည်းက လက်တွဲပြီးအလုပ်လုပ်ခဲ့တဲ့သူပါ။ ကျွန်တော်တို့အဖွဲ့က ရေးသားခဲ့တဲ့အရေးကြီးတဲ့ သတင်းတွေမှန်သမျှမှာ ကိုစိုင်းက အသက်အန္တရာယ်မငဲ့ဘဲ အမြဲပဲရှေ့တန်းကနေ သတင်းယူခဲ့တဲ့သူပါ” ဟု Myanmar Now ၏ အယ်ဒီတာချုပ် ဦးဆွေဝင်းကပြောကြားထားသည်။
စစ်ကောင်စီသည် စစ်တွေမြို့တွင် ကိုစိုင်းဇော်သိုက်ကို ဖမ်းဆီးပြီးနောက် ရန်ကုန်ရှိ စစ်ကြောစခန်းတစ်ခုတွင် ထပ်မံညှင်းပန်းနှိပ်စက်ခဲ့ပြီး ပုဒ်မမျိုးစုံဖြင့်အမှုဖွင့်ကာ အင်းစိန် ထောင်တွင်ချုပ်နှောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဇွန်လလယ်တွင် ကိုစိုင်းဇော်သိုက်ကို ရန်ကုန်မြို့၊ တောင်ဒဂုံ မြို့နယ်တရားရုံးတွင် ရမန်ယူ၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ကိုစိုင်းဇော်သိုက်ကို မတရားစွဲဆိုထားသည့် ပုဒ်မများနှင့်ပတ်သက်ပြီး မည်သည့်တရားခွင် စစ်ဆေးမှုမျှမရှိ၊ ခုခံချေပခွင့်၊ ရှေ့နေလိုက်ခွင့်မပြုခဲ့ဘဲ အင်းစိန်ထောင်တွင်း ပထမဆုံးရုံးချိန်းဖြစ်သည့် စက်တင်ဘာ ၆ ရက်နေ့တွင် စစ်ခုံရုံးဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက အမြဲကိုးကားပြောဆိုလျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့် အရေးရရှိစေခြင်း၊ ဥပဒေ၏ အကာအကွယ်ကိုတန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားသည်။
ပုံစာ- ဓာတ်ပုံသတင်းထောက်ကိုစိုင်းဇော်သိုက်
#MyanmarNow #ဓာတ်ပုံသတင်းထောက် #အင်းစိန်အကျဉ်းထောင်စစ်ခုံရုံး #တရားဥပဒေ #ခုခံပိုင်ခွင့် #အလုပ်ကြမ်းထောင်ဒဏ်နှစ်၂၀ #Ayeyarwaddy_Times