
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ရှိ စည်သူသစ်ကွင်းတွင် သစ်ခိုးထုတ်နေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈နာရီတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများ အပြား သေဆုံးပြီး သေနတ် လေးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီတပ်သည် သစ်ခိုးထုတ်နေစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ကာ ထိတွေ့တိုက်ပွဲ ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံး၍ တော်လှန်ရေးပူပေါင်း တပ်ဖွဲ့ဝင်များဘက်မှ ခြောက် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က ကျောက်ကုန်းရွာက ဘုန်းကြီး ကျောင်းထဲမှာ တပ်စွဲထားတာ ၃ရက်ရှိနေပြီ။ သစ်ခိုးထုတ်တဲ့အချိန် ULF မဟာမိတ်တပ်ပေါင်းစုက ကင်းပုန်းချထားတဲ့ ရဲဘော်တွေနဲ့ထိပ်တိုက်တိုးပြီး တိုက်ပွဲ ဖြစ်တာ။ တော်လှန်ရေးတပ်တွေဘက်က တပ်ပေါင်းစုများတော့သူတို့ အထိနာသွားပြီး ၁၅ ယောက်လောက် သေတာတွေ့ရတယ်” ဟု ယင်းမာပင်တပ်ပေါင်းစုမှ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်ကို စစ်ကူသည့်အနေဖြင့် စစ်ကောင်စီ၏ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
“ထိခိုက် ဒဏ်ရာ ရရှိတဲ့ တော်လှန်ရေးရဲဘော်တွေကတော့ ဆေးကုသမှုခံယူနေပြီမို့ စိုးရိမ်စရာ မလိုတော့ဘူး” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တော်လှန်ရေးတပ်ပေါင်းစုသည် သစ်ခိုးနေသည့် စစ်ကောင်စီတပ်ထံမှ သေနတ် လေးလက် ၊ ကျည်ဆံ ၄၀၀ တောင့် ၊ ကျည်ဘောက့်စ် ၁၇ ခု၊ စကားပြောစက် တစ် လုံး နှင့် ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Comrade Column (cc) ၊ နဂါးညီနောင်တပ်ဖွဲ့၊ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ ချိုမိုင်မိုင်တပ်ဖွဲ့၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး၊ ဗိုလ်ထွန်းတောက် (LPDF)၊ Chindwin Myay Division PDF တပ်ခွဲ၊ B Two Fighter. Bant Two၊ Alpha Clumn တပ်ခွဲ (၁)၊ Alpha Special Force တပ်ခွဲ (၂) ၊ Triple Two Task Force တပ်ခွဲ (၃) ၊ Chindwin Galone YarZar၊ Gureilla တပ်ခွဲ (၄)၊ MTOF တပ်ခွဲ (၅)နှင့် Colum တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂)၊ တပ်ရင်း (၂၃) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်
ဓာတ်ပုံ-သိမ်းဆည်းရမိသည့် လက်နက်များ
#သစ်ခိုးထုတ်စစ်ကောင်စီတပ် #ယင်းမာပင် #တော်လှန်ရေးအင်အားစုများ #စုပေါင်းတိုက်ခိုက် #လက်နက်အချို့သိမ်းဆည်း #Ayeyarwaddy_Times