
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေကို အာဆီယံခေါင်းဆောင် တွေက အပြင်းအထန် ရှုတ်ချခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီကို တိုက်ရိုက် ပြစ်တင်လိုက်ကာ ငြိမ်းချမ်းရေးအစီအ စဉ်ဖော်ဆောင်တာ တိုးတက်မှုမရှိဘူးလို့ ထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပတဲ့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ တစ်သံတည်းထွက်ရေး ကြိုးပမ်းဖို့ အင်ဒိုနီး ရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
အကြမ်းဖက်မှုတွေ အရှိန်လျှော့ချဖို့နဲ့ အရပ်သားတွေ၊ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဈေးလိုမျိုး ပြည်သူပိုင်အဆောက်အအုံတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ အာဆီယံခေါင်း ဆောင်တွေက မြန်မာစစ်တပ်ကို တိုက်တွန်းကြောင်း အချက် ၁၉ ချက်ပါ ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။
“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို ကျွန်တော်တို့ အပြင်းအထန် ရှုတ်ချပါတယ်” လို့ အဆိုပါထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ တော်လှန်ရေးအမာခံနယ်မြေတွေ၊ အရပ်ဘက်အခြေခံအဆောက်အအုံတွေ အပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲခဲ့ပါတယ်။
အာဆီယံခေါင်းဆောင်တွေ လွန်ခဲ့တဲ့ ၂ နှစ်က သဘောတူခဲ့တဲ့ အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို ဖော်ဆောင် ဖို့ လျစ်လျူရှုတဲ့အပြင် နိုင်ငံတကာရဲ့ဝေဖန်မှု၊ အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းဆန်မှုတွေကြောင့် မြန်မာ့ အရေးကို သံတမန်နည်းလမ်းမှတစ်ဆင့် ဖြေရှင်းဖို့ကြိုးပမ်းမှုကလည်း မအောင်မြင်ခဲ့ပါဘူး။
“မြန်မာစစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ သိသာတဲ့ တိုးတက်မှုမရှိခဲ့ပါဘူး” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာစစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ စစ်တပ်ကျောထောက် နောက်ခံ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲသာဖြစ်မယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
ကိုးကား – GMA News
Ref; ASEAN leaders urge Myanmar junta to stop attacks on civilians