ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၇ ရက်

နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာပြည်သူလူထုကို အမှန်တကယ်ကူညီလိုပါက နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ ဝိုင်းဝန်းကူညီကြရန် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ တောင်းဆိုလိုက်သည်။

ယနေ့ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောဆိုရာတွင် ယခုလို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“အကြမ်းဖက်စစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျကျ ကျူးလွန်လျှက်ရှိပါတယ်။ ဒီကျူးလွန်မှုတွေအတွက် အရေးယူအပြစ်ပေးခံရခြင်းကနေ ကင်းလွတ်ခွင့် မရသင့်တော့ပါဘူး။ မြန်မာပြည်သူလူထုကို အမှန်တကယ် ကူညီချင်တယ်ဆိုရင် နွေဦးတော်လှန်ရေး အမြန် အောင်မြင်ဖို့ကိုသာ ထောက်ကူပေးကြပါလို့ အလေးအနက် တောင်းဆိုပါတယ်”ဟု NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားပြည်သူပေါင်း ၄၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို လေကြောင်းတိုက်ခိုက်ပေါင်း အကြိမ် ၁၄၀၀ ကျော်ပြုလုပ်ခဲ့သည်ဟု NUG အစိုးရက ပြောသည်။

“နိုင်ငံတကာက ထိရောက်စွာကူညီရင် လူထုထိခိုက်မှုနည်းပြီးတော့ အောင်ပွဲအမြန်ရရှိမှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ထို့ပြင် နိုင်ငံတကာအစိုးရများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီအတွက် ငွေကြေးစီးဆင်းမှုအားလုံးကို ဖြတ်တောက်ပေးရန်နှင့် လက်နက်ခဲယမ်း၊ လေယာဉ်ဆီဝယ်ယူမှုကို ပြင်းထန်စွာ ပိတ်ဆို့ကန့်သတ်ပေးရန်လည်း NUG အစိုးရက တိုက်တွန်းခဲ့သည်။

“စစ်ကောင်စီအတွက် ငွေကြေးစီးဆင်းမှုတွေအားလုံးကို ဖြတ်တောက်ပြီး လက်နက်ခဲယမ်းနှင့် လေယာဉ်ဆီ ဝယ်ယူမှုတွေကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ကန့်သတ်ဖို့ တောင်းဆိုတိုက်တွန်းလိုပါတယ်”ဟု NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ရိုဟင်ဂျာပြည်သူများနှင့် မိုခါမုန်တိုင်းဒဏ်ခံ ရခိုင်ပြည်သူများအပါအဝင် နေရပ်စွန့်ခွာ ဒုက္ခသည်များကို နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီအဖြစ် စစ်ကောင်စီကတဆင့် ပေးအပ်နေခြင်းမှာလည်း ထိရောက်မှု မရှိသဖြင့် ရပ်ဆိုင်းရန်နှင့် ဒုက္ခသည်များကို တိုက်ရိုက်ကူညီရန်လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့သည်။

အာဆီယံအနေဖြင့်လည်း မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီမှ အကောင်အထည် ဖော်စေရန် ဖိအားပေးဆောင်ရွက်မှုများအား အချိန်တစ်ခုသတ်မှတ်၍ ဆောင်ရွက်ပေးရန်နှင့် အမေရိကန် အစိုးရက ပြဌာန်းထားသော Burma Act ဥပဒေအရ ပေးအပ်မည့်အကူအညီများကိုလည်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် NUG အစိုးရက တောင်းဆိုခဲ့သည်။

#NUG #သမ္မတ #ဒူဝါလရှီးလ #မိန့်ခွန်း #နိုင်ငံတကာ #အကူအညီ #Ayeyarwaddy_Times