
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
ဧရာဝတီတိုင်းရှိ မြို့နယ်များမှ ဆန်စပါးကုန်သည်များနှင့် ဆန်ဆိုင်များကို စစ်ကောင်စီက ဖိအားပေး၍ သက်သာချောင်ချိရေး ပုံစံဖြင့် ဆန်စျေးသတ်မှတ်ကာ ရပ်ကွက်အလိုက် ဆန်ရောင်းချခိုင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီ၏ သတ်မှတ်စျေးဖြစ်သည့် ဆန်တစ်ပြည်ကို ၂၅၀၀ ကျပ် ဈေးနှုန်း ဖြင့်သာ ရောင်းချပေးရမည်ဖြစ်ပြီး တရက်လျှင် ၂၇ အိတ် ကုန်အောင်ရောင်းချပေး ရမည်ဟု အမိန့်ပေးထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
“မအူပင်မြို့မှာတော့ ရပ်ကွက်တွေrSm အလှည့်ကျ ရောင်းပေးနေတာတွေ တွေ့ရတယ်။ အမှတ် ၁၂ ရပ်ကွက်မှာ စရောင်းတာ။ တစ်အိမ်ထောင်ကို ဆန် တစ်ပြည်နုန်းနဲ့ ရောင်းနေတာ တနေ့လုံးကို ၂၇ အိတ် ရောင်းပေးမယ်ကြားတယ်။ ဘာမှပြစရာ တော့မလိုဘူး။ ဘယ်သူမဆိုဝယ်လို့ရတဲ့ပုံစံမျိုးပါ” ဟု ဆန်သွားရောက်ဝယ်ယူခဲ့သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းအတွင်း မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပြီး မြို့နယ် အားလုံးနီးပါးတွင် စစ်ကောင်စီ သတ်မှတ်ထားသည့် ဆန် တပြည် ၂၅၀၀ ကျပ်နှုန်းဖြင့်သာ ရောင်းချ ပေးရမည် ဖြစ်သည်။ ထိုသို့ ရောင်းချရာတွင် မြို့နယ်အလိုက် ရပ်ကွက်အလိုက် တပြိုင်နက်တည်း ရောင်းချပေးခြင်းမဟုတ်ဘဲ အလှည့်ကျ ရောင်းချပေးနေခြင်း ဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် အသိုင်းဝိုင်းက သိရသည်။
“ရပ်ကွက်အလိုက် ရောင်းပေးနေတော့ လက်လုပ်လက်စားတွေအတွက်က အစဥ်ပြေတာပေါ့ ဆန်တစ်ပြည်(ဆန်ကြမ်း)ကို အပြင်မှာ ၄၅၀၀ နဲ့ဝယ်စားနေရတာ။ အခုလို ၂၅၀၀ ကျပ်နဲ့ ရောင်းပေးတော့ ဈေးကတစ်ဝတ်နည်းပါး သတ်သာတာမို့ အလုအယက် ဝယ်ကြရတာပေါ့။ ဟန်ပြမဟုတ်ပဲ အမြဲတန်း ရောင်းချပေးနိုင်ရင်တော့ ပိုအစဥ်ပြေတာပေါ့” ဟု ၂၅၀၀ ကျပ်ဖြင့် ဆန်သွားရောက်ဝယ်ယူခဲ့သူ ဆိုသည်။
လက်ရှိတွင်မူ တစ်မြို့နယ်လျှင် တစ်ရက် ဆန် ၂၇ အိတ် ကုန်အောင် ရောင်းချပေးရမည်ဖြစ်ပြီး ကုန်ကျစရိတ်များကို ဆန်စက်၊ ဆန်ဆိုင် နှင့် ဆန်စပါးကုန်သည်များက စိုက်ထုတ်ရောင်းချနေရကြောင်း သိရသည်။
“ ဆန်က တစ်ရက်ကို ၂၇ အိတ် ကုန်အောင်ရောင်းပေးရမှာ။ လောလောဆယ်တော့ ဆန်စက် ၊ ဆန်ဆိုင်၊ ဆန်ကုန်စပါးကုန်သည်တွေက စိုက်ထုတ်ရောင်း ထားရတာပေါ့။ ကုန်ကျမှုတွေကိုတော့ စစ်ကောင်စီက ဘယ်လို ပြန်လုပ်မလဲဆိုတာ မသိရသေးဘူး” ဟု မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဆန်စပါးကုန်သည်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကလည်း မအူပင်မြို့ပေါ်တွင် သက်သာ ချောင်ချိရေးအမည်တပ်၍ ဆန်စက်လုပ်ငန်းရှင်များအား ဆန်တပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဖိအားပေး ရောင်းချခိုင်းခဲ့သည်။
ထိုသို့ ဆန်များရောင်းချပေးသည့် နေရာများတွင် စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊ စစ်ကောင်စီတပ်မိသားစုဝင်များသည် ဆီ၊ ကြက်သွန်နီ၊ ငရုပ်သီးခြောက်၊ ကြက်ဥနှင့် ဖယောင်းတိုင်များကိုပါ ဈေးလျှော့ ရောင်းသည့်ပုံစံဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ဆန်တစ်ပြည်၂၅၀၀ကျပ်ဖြင့်ရောင်းချပေးနေစဉ်
#ဧရာဝတီတိုင်းမြို့နယ်များ #စစ်ကောင်စီ #ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူများ #ဆန်သတ်မှတ်ဈေး၂၅၀၀ကျပ် #ဖိအားပေးရောင်းခိုင်း #Ayeyarwaddy_Times