
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၆ ရက်
အာဏာသိမ်း စစ်ကောင်စီသည် အကြပ်အတည်းများ ကြုံတွေ့နေရပြီး အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရေးသည်လည်း အဆင်မပြေဖြစ်နေသည့်အတွက် တရုတ်၏ ထောက်ခံမှု ရယူရန် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လာကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီသည် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်က နေပြည်တော်၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး Vice Admiral Liu Zizhu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
“ပြည်တွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အကြပ်အတည်းမျိုးစုံ ဆိုက်နေတဲ့ စစ်ကောင်စီအနေနဲ့ တရုတ်ကို ဖက်တွယ်ထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ဘယ်ကိစ္စ၊ ဘယ်ပြဿနာကို အရေးကြီးဆောင်ရွက်ဖို့ ဆိုတဲ့ကိစ္စထက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်၊ တရုတ်ရဲ့ ထောက်ခံမှုကို ရယူထားတယ်ဆိုတဲ့ အနေအထားကို သူက ဖော်ပြချင်လို့ ဒီနေ့ကာလအတွင်းမှာ တရုတ်နဲ့ဆက်တိုက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေကို တိုးမြှင့်ပြီးတော့ ပြောနေတယ်လို့ ကျွန်တော်တော့ ယူဆပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တရုတ်အစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံဖြစ်သည့် GSI ကို စစ်ကောင်စီအနေဖြင့် အစောဆုံး ထောက်ခံခဲ့ပြီး ထိုသို့ထောက်ခံခြင်းအားဖြင့် နိုင်ငံတကာ မျက်နှာစာတွင် တရုတ်ထံမှ သံတမန်ရေး အကာအကွယ်များ ပိုရလာရန် ရည်ရွယ်ပုံရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) က ထုတ်ပြန်ထားသည်။
ထို့အပြင် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးအရသာမက နိုင်ငံစုံယန္တရားများအောက်ကနေ ပူးပေါင်ဆောင်ရွက်ခြင်းများလည်း ရှိနေပြီး တရုတ်နိုင်ငံသည် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များကို သင်တန်းပေးခြင်းများ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်ကနေလည်း သမာရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိနေသည်ဟု ISP-Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
“တရုတ်-မြန်မာ နယ်စပ်ဒေသကိစ္စက ရွှေတြိဂံနယ်မြေဘက်မှာ ဒုစရိုက်မှုတွေ၊ စီးပွားရေးအရ လိမ်လည်လုပ်ဆောင်မှုတွေ အခြားနယ်စပ်ဖြတ်ကျော်တဲ့ ရာဇဝတ်မှုတွေ အဲဒါတွေ ကျူးလွန်လာတယ်ဆိုတဲ့ ကိစ္စကလည်း ဒီကာလအပိုင်းအခြားမှာ နည်းနည်းသိသာလာတယ်။ ထိုင်းဘက်မှာလည်း လုံခြုံရေးတိုးမြှင့်တာတွေ၊ အရေးယူဆောင်ရွက်တာတွေ လုပ်လာသလို မြန်မာနိုင်ငံဘက်မှာလည်း အဲလိုမျိုးကိစ္စတွေ အရေးယူဆောင်ရွက်တာတွေ ရှိလာတယ်။ ဆိုတော့ အဲလိုမျိုးကိစ္စမှာ အများစုပါဝင်နေတဲ့ တရုတ်စီးပွားရေးပိုင်းဆိုင်ရာ ပါဝင်ပတ်သက်မှုလည်း ရှိနေတယ်။ အဲဒါတွေနဲ့လည်း သက်ဆိုင်တယ်လို့ ယူဆမယ်ဆိုရင် ယူဆလို့ရပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းမှုအလွန် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အခြေတည်ရာ ဖြစ်လာသည့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက်တရုတ်-မြန်မာ-ထိုင်း-လာအို လေးနိုင်ငံ စစ်ဆင်ရေးနှင့် နှိမ်နှင်းရန် ကြိုးပမ်းလာသလို မြန်မာ-တရုတ် နှစ်နိုင်ငံ သံခင်းတမန်ခင်းအရ လုပ်ဆောင်ခြင်းများလည်း ရှိနေပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် တရုတ်-မြန်မာ-ထိုင်း-လာအို လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုရန်အတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အထူးလှုပ်ရှားမှု အထွေထွေညှိနှိုင်းရေး စင်တာတစ်ခုကိုလည်း တည်ထောင်ရန် ရှိနေကြောင်း သိရသည်။
ယင်းအပြင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာချင်ကန်း၏ ယခုနှစ်မေလ အစောပိုင်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီကို ဖိအားပေးခဲ့သောကြောင့် GSI အရ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လာမည့် အခြေအနေတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နှင်းရေးသည် လတ်တလော၌ ပို၍ရှေ့ရောက်လာနိုင်ကြောင်း ISP-Myanmar က ဆိုသည်။
“ပြည်တွင်းရေးမှာ ပိုပြီးတော့ ခက်ခဲလာနိုင်စရာ ရှိတယ်။ အာဆီယံဒေသတွင်းမှာလည်း မတူကွဲပြားတဲ့ ရပ်တည်မှုမျိုးတွေ ရှိနေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံက တရုတ်ဖြစ်တယ်။ အင်အားအကြီးဆုံး ဖြစ်တယ်။ ဆိုတော့ တရုတ်ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်မှု၊ စဉ်းစားမှုတွေက မြန်မာ့ပြည်တွင်းရေးမှာ ရှိနေတဲ့ နိုင်ငံရေးနဲ့ လူမှုရေး၊ စီးပွားရေးအပေါ်မှာ အကျိုးသက်ရောက်မှုက ရှိနေမှာပဲ”ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောသည်။
စစ်ကောင်စီသည် တရုတ်ကျောထောက်နောက်ခံ ပြုထားသည်ဟု သတ်မှတ်ပြောဆိုနေသော “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်-UWSA ဦးဆောင်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ-FPNCC နှင့် ညီနောင်သုံးဖော်တို့ နွေဦးတော်လှန်ရေးထဲ ပေါင်းစပ်ပါဝင်နေမှုအား ဟန့်တားနိုင်ရန်အတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ဟုလည်း နားလည်မိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ကောင်စီ #တရုတ်ထောက်ခံမှုရယူရန် #နှစ်နိုင်ငံ #နယ်စပ်ဒေသ #တည်ငြိမ်အေးချမ်းရေး #ပူးပေါင်း
#Ayeyarwaddy_Times