ဧရာဝတီတိုင်းမ်

(ချင်း)၊ စက်တင်ဘာလ ၆ ရက်

ချင်းပြည်နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ကျင့်သုံး၍ ရိက္ခာ၊ လူသုံးကုန်ပစ္စည်းအားလုံးနှင့် တချို့နေရာတွင် ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း အကုန်လုံးပိတ်ပင်ထားပြီး ပြည်တွင်း၊ ပြည်ပနှင့် အဆက်သွယ်မရအောင် ပြုလုပ်နေကြောင်းချင်းလူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ပြည်တွင်းရှိ ချင်းစစ်ဘေးရှောင်များထံသို့ လူသုံးကုန်နှင့် စားသောက်ကုန်များမရောက်နိုင်ရန် စစ်ကောင်စီက အဝင်မခံဘဲ (လုံးဝ)ဖြတ်တောက်ထားပြီး ပြည်တွင်းရှိ စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာပိုင်းတွင် စိန်ခေါ်မှုများရင်ဆိုင်နေရကြောင်းသိသည်။

“စစ်ကောင်စီက ဖြတ်လေးဖြတ်ကျင့်သုံးထားတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ ဒေသခံတွေနဲ့ စစ်ဘေး‌ရှောင်တွေအတွက် စားဝတ်နေရေးစိန်ခေါ်ချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆက်သွယ်ရေးနဲ့ အခြားအခက်အခဲပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်”လို့ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း၊ Program Manager ဆလိုင်းတေရက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ပြည်တွင်း၊ ပြည်ပတွင် ချင်းတိုင်းရင်းသားစုစုပေါင်း တစ်သိန်းကျော်စစ်ဘေးရှောင်နေကြပြီး ပြည်ပဘက်တွင် ခြောက်သောင်းကျော်နှင့် ပြည်တွင်းဘက်တွင် လေးသောင်းကျော်စစ်ဘေးရှောင်နေကြကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းထံမှ သိရသည်။

ချင်းတိုင်းရင်းသားများသည် ပြည်ပဘက်အပါအဝင် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်နှင့် နယူးဒေလီမြို့တို့တွင် စစ်ဘေးရှောင်နေကြရပြီး အလုပ်အကိုင်နှင့် ထောက်ပံ့ကူညီမှုများလုံလောက်စွာ မရရှိကြောင်းသိရသည်။

“အိန္ဒိယမှာနေတာကလည်း အားလုံးသိတဲ့အတိုင်း အိန္ဒိယအစိုးရက စစ်ဘေးရှောင်တွေကို ရီဖူဂျီအနေနဲ့ အသိအမှတ်မပြုဘူး။ အိန္ဒိယအစိုးရဆီက ဘာအထောက်အပံ့မှ မရှိဘူး။ အဲ့ဒါကြောင့် တချို့စစ်ဘေးရှောင်တွေက အခက်အခဲမျိုးစုံရင်ဆိုင်နေရတယ်။ ဝင်ငွေလည်းမရှိဘူး။ ဝင်ငွေလမ်းကြောင်းလည်း မရှိဘူး။ ပြီးတော့ အရင်တုန်းက ထောက်ပံ့ကြတဲ့ အဖွဲ့အစည်းတွေကလည်း ကြာလာတော့ အရင်လိုမျိုးထောက်ပံ့ဖို့ အခက်အခဲရှိလာတယ်”လို့ ဆလိုင်းတေရက ဆက်လက်ပြောဆိုသည်။

အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင်များကို လက်ခံခြင်းမပြုရန် သတိပေးထားသော်လည်း မီဇိုးရမ်အစိုးရက မြန်မာစစ်ဘေးရှောင်များကို လက်ခံသည့်အပြင် စစ်ဘေးရှောင်စခန်းများနှင့်ထောက်ပံ့ကူညီစောင့်ရှောက်မှုများပေးထားသည်။

မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသော မြန်မာစစ်ဘေးရှောင်များကို မဏိပူရ်အစိုးရက လက်မခံသည့်အတွက် ပြည်နယ်အတွင်းတွင် တင်းကြပ်စွာ စစ်ဆေး၍ ဖမ်းဆီးခဲ့ပြီး အိန္ဒိယစစ်တပ်ထံ အပ်နှံခြင်းနှင့် စစ်ကောင်စီထံ ပြန်လည်ပို့ဆောင်းခဲ့သလို နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်သူများ အဖြစ်လည်း စစ်ဘေးရှောင်များကို စွတ်စွဲခဲ့သည်။

ချင်းပြည်နယ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးကို အကြောင်းပြ၍ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများတွင် NGO/INGOအဖွဲ့အစည်းများကို လွတ်လပ်စွာ သွားလာခွင့်များပိတ်ပင်ထားပြီး ဒေသခံများနှင့် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့လိုပါက ကြိုတင်ညှိနှိုင်း၍ ခွင့်ပြုချက်ရမှသာလျှင် ထောက်ပံ့ခွင့်နှင့် ဝင်ထွက်သွားလာခွင့်ရမည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ကျင့်သုံးခြင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့က လူမှုအဖွဲ့အစည်းများဝင်ထွက်သွားလာခြင်းတို့ကို ကန့်သတ်ခြင်းတို့ကြောင့် မိုခါမုန်တိုင်းနှင့် ပတ်သက်၍ ကူညီထောက်ပံ့မှုများလည်း လက်ရှိချိန်အထိ ဒေသခံများမရရှိခဲ့ကြောင်းသိရသည်

ဓာတ်ပုံ-ပြည်တွင်း၊ ပြည်ပရှိ ချင်းစစ်ဘေးရှောင်များ

#ချင်းပြည် #စစ်ဘေးရှောင် #ထောက်ပံ့ကူညီမှုမရ #အခက်အခဲမျိုးစုံရင်ဆိုင်နေကြရ #Ayeyarwaddy_Times