ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၆ ရက်

စစ်ကောင်စီတပ်တွင်းတွင် ရှေ့တန်းစစ်မျက်နှာပြင်၌ သေဆုံးမှုများနေသည့်အတွက် တပ်သားများကို နယ်မြေလုံခြုံရေးယူရမည်ဟု လိမ်လည်ခေါင်းစဉ်တပ်၍ ရှေ့တန်းသို့ ပို့ဆောင်မှုများ ရှိနေကြောင်း သိရသည်။

စစ်ရေးပြင်းထန်နေသည့် တိုင်းရင်းသားနယ်မြေများကို ပို့ဆောင်ခံနေရသည့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်(လပခ)နှင့် ၎င်းလက်အောက်ရှိတပ်များမှ အရာရှိများ၊ အောက်ခြေ စစ်သည်များကို နယ်မြေလုံခြုံရေးယူရမည်ဟုဆိုကာ ရှေ့တန်းသို့ လိမ်လည်ပို့ဆောင် နေရကြောင်း သိရသည်။

“အဲဒီ(ရှေ့တန်း)ကိုလွှတ်မယ်ဆိုရင် မင်းတို့သွားသေသွားဆိုပြီး လွှတ်လိုက်သလိုမျိုး ဖြစ်နေတော့ နယ်မြေလုံခြုံရေး ဆိုပြီး ပို့နေရတယ်။ မသွားချင်ကြတော့ အရာရှိတွေက အစခွင့်မဲ့နဲ့ တပ်တွင်းပြေးနေတာတွေရှိတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပဲခူး နှင့် မန္တလေး၊ မကွေးတို့ရှိ အလယ်ပိုင်းတိုင်း တပ်ရင်းတပ်ဖွဲ့များသည် ကရင်နီ ဒေသသို့ အများဆုံး ၀င်ရောက်နေရခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများနေခြင်းကြောင့် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးများ အပါအ၀င် စစ်ကောင်စီ တပ်အရာရှိများမှာ သွားရောက်လိုခြင်းမရှိသည့်အတွက် အကြောင်းအမျိူးမျိုးပြကာ အမိန့်ငြင်းဆန်မှုများရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးအဆင့်ရှိသူ အပါအ၀င် ၁၀၀ ကျော်သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် လက်နက်ကြီး လက်နက်ငယ် များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

#စစ်ကောင်စီတပ်တွင်း #နယ်မြေလုံခြုံရေး #လိမ်လည်စေလွှတ် #ရှေ့တန်း #Ayeyarwaddy_Times