
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၆ ရက်
ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွင်းရှိ လူစည်ကားရာနေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် များ CDM၊ Pre-CDM လွယ်ကူစွာပြုလုပ်နိုင်စေရန်အတွက် ဂျာနယ်နှင့် စာစောင်များ၏ အတွင်းဘက်စာမျက်နှာများတွင် “CDM/Pre၊ CDM လုပ်ပါ” “ပြည်သူ့သတင်းပေး အဖြစ်ရပ်တည်ပါ” စသော စာသားများပါဝင်သည့် စာများကပ်ထားသည့် လှုံ့ဆော်စာ ၂၃၀၀ ကို ယနေ့စက်တင်ဘာလ ၆ ရက်နေ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လှုံ့ဆော်စာများကို ရန်ကုန်မြို့တွင် မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတားနှင့် မင်္ဂလာဒုံစစ်ဈေးပတ်ဝန်းကျင်တို့တွင် ဖြန့်ကြဲချထားပြီး မန္တလေး မြို့တွင် ဦးပိန်တံတား၊ မဟာမြတ်မုနိဘုရားကြီး၊ နန်းတွင်း ကျုံးဘေး၊ ကုသိုလ်တော် (သို့)မန်းလေးတောင်တော်တို့တွင် ချထားခဲ့ကြောင်း သိရသည်။
ပြည်သူ့ရင်ခွင်မှ ကောက်ယူရရှိထားသည့် စာရင်းအရ CDMပြုလုပ်ထားသည့် ရဲနှင့် တပ်သားပေါင်း ၁၄၀၀၀ ကျော်ရှိနေပြီဖြစ်ကာ နေ့စဉ်ပြည်သူ့ရင်ခွင်သို့ ခိုလှုံမှုများပြား လာသည့်အတွက် ဆက်သွယ်ရမည့်နေရာများကို သေချာသိစေရန်နှင့် စစ်ကောင်စီ လက်အောက်တွင် ရှိနေသည့် တပ်ဖွဲ့ဝင်များအနေဖြင့် အမှန်တရားကိုသိရှိ နားလည် လာစေရန်ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်သူ့ရင်ခွင် တာဝန် ရှိသူ တစ်ဦးထံက သိရသည်။
အဆိုပါလှုပ်ရှားမှုကို ပြည်သူ့ရင်ခွင် (People’s Embrace)၊ မြို့ပြတော်လှန်ရေး အင်အားစုများဖြစ်သည့် Kyimyindaing Networks (K.M.D18)၊ Mayangone Democratic Front (M.D.F)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ဓာတ်ပုံ – ပေးပို့။
#စစ်ကောင်စီတပ်သား #CDM #PreCDM #ပြည်သူ့ရင်ခွင် #လှုံဆော်စာ၂၃၀၀ဖြန့်ဝေ #Ayeyarwaddy_Times