ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၆ ရက်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် ယခုရက်ပိုင်းအတွင်း ပြည်တွင်းဘဏ်များ မှတဆင့် ဒေါ်လာ ဝယ်ယူသူများထံ အမေရိကန်ဒေါ်လာ ၁၀၃ သန်းကျော်ရောင်းချ ထားကြောင်း ဗဟိုဘဏ်၏ ကြေညာချက်များအရ သိရသည်။

လက်ရှိအွန်လိုင်းစနစ် Bank – Customer ရောင်းဝယ်ရေး၌ စက်တင်ဘာ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၄၅ သန်း၊ စက်တင်ဘာ ၄ ရက်နေ့တွင် ကန်ဒေါ်လာ သန်း ၃၀ နှင့် စက်တင်ဘာ ၅ ရက်နေ့တွင် ၂၈ သန်း ရောင်းချထား ကြောင်းသိရသည်။

ပြည်တွင်းကုမ္ပဏီများ အပါအဝင် အမေရိကန်ဒေါ်လာလိုအပ်သူများသည် ဒေါ်လာငွေ ရရှိရန် ဘဏ်များထံဒေါ်လာ ဝယ်ယူခွင့်တင်ရပြီး ဘဏ်များမှတဆင့် ဗဟိုဘဏ်ထံ စာပြန်တင်ကာ ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ဒေါ်လာငွေဝယ်ယူရခြင်းဖြစ်သည်။

“အခုရောင်းပေးနေတယ်။ ကုမ္ပဏီတွေကို ခွဲတမ်းနဲ့ရောင်းပေးနေတာ။ ငွေဝယ်ခွင့် တင်ရတယ်။ နေ့ချင်းတော့မရဘူး။ ဝယ်ချင်ရင်ကြိုတင်ရတယ်။ ဗဟိုဘဏ်ကို သူတို့က ပြန်တင်ပေး ရတာဆိုတော့ ဘဏ်တွေကလည်း ဘယ်နေ့ရမလဲ မသိနိုင်ဘူး။ ဗဟိုဘဏ်က ရောင်းခွင့်ကျမှ ထုတ်ရောင်းရတယ်”ဟု ပို့ကုန်/သွင်းကုန်လုပ်ငန်းကျွမ်းကျင်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဗဟိုဘဏ်သည် အမေရိကန်ဒေါ်တာ ၁၀၈ သန်းကျော်ကို Traded Rates ဈေးဖြတ်ရာတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၂,၀၉၃ မှ ကျပ် ၂,၉၂၇ အတွင်း သတ်မှတ်ရောင်းချကြောင်း ထုတ်ပြန် ချက်အရ သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်‌၏ ဒေါ်လာထုတ်ရောင်းမှုကြောင့် ပြင်ပ ဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးကျလာပြီး ကန်တစ်ဒေါ်လာလျှင် ကျပ် ၃၅၇၀ မှ ၃၅၉၀ ဝန်းကျင်ရှိကြောင်း စျေးကွက်းအတွင်းမှ စုံစမ်းသိရသည်။

ဒေါ်လာဈေး အနည်းငယ် ကျဆင်းလာ၍ နိုင်ငံခြားငွေလဲနှုန်းဈေးကွက်တွင် ထိုင်းဘတ် ငွေဈေးပါ လိုက်ပါကျဆင်းလာပြီး ထိုင်းတစ်ဘတ်လျှင် ကျပ် ၉၇ ကျပ်မှ ၉၉ ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများ ထုတ်ရောင်းပေး၍ နိုင်ငံခြားငွေလဲနှုန်းထားများ ကျဆင်းလာသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ သိသာစွာ ကျဆင်းခြင်း မရှိသေးဘဲ အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၃၆ သိန်းကျော်အထိ ရှိနေသေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဗဟိုဘဏ်သည် အမေရိကန်ဒေါ်လာများ ပြန်လည်ရောင်းချရာတွင် ဘဏ်အချင်းချင်း မှနေ၍ ရောင်းချမှု ကန်ဒေါ်လာ ၁၆ သန်းရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ် #အမေရိကန်ဒေါ်လာ၁၀၃သန်း #ထုတ်ရောင်း #ဒေါ်လာဈေးကျ #Ayeyarwaddy_Times