နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၆ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ရွှေတောင်ဦး ရပ်ကွက်ရှိ ကွန်ပျူတာတက္ကသိုလ်တွင် စစ်ကောင်စီတပ်မှ လာရောက် ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း ဖွင့်ပွဲကို ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းက တာဝေးပစ် ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့ တော်လှန်ရေး အဖွဲ့ Brother Defense Force အဖွဲ့ထံမှ သိရသည်။

မုံရွာမြို့ ပူးပေါင်းတော်လှန်ရေးအဖွဲ့များသည် အဆိုပါ သင်တန်းဖွင့်ပွဲသို့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ် တွင် တစ်ကြိမ်၊ ၂ နာရီတွင် တစ်ကြိမ် ၊ ၂ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း သုံး ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ရွှေတောင်ဦးရပ်ကွက်မှာရှိတဲ့ ကွန်ပျူတာ တက္ကသိုလ်က ကွန်ပျူတာသင်တန်းဖွင့်ပွဲပါ။ စစ်ကောင်စီရဲ့ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိတွေလာလုပ်တဲ့ သင်တန်းဖွင့်ပွဲမို့ တာဝေးပစ် ဒုံးတွေနဲ့ ပစ်ခက်တိုက်ခိုက်ခဲ့တာပါ” ဟု ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၆)ပြန်ကြားရေး တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှု့အား ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) Brother Defense Force. တပ်ခွဲ (၁) ၊ One Star Task Force – OSTF နှင့် မဲမှောင်ပြောက်ကျား တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှု အများအပြားရှိနိုင်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထံက သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ် ရိက္ခာများသယ်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တတ်လာသည့် စစ်ကောင်စီ၏ ရေယာဥ် ၁၁ စီးပါ ရေယာဥ်များကို ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရေ ယာဥ်အချို့ ပျက်စီးဆုံးရှုံးများ ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

#မုံရွာမြို့ #စစ်ကောင်စီတပ် #ကွန်ပျူတာသင်တန်းဖွင့်ပွဲ #တော်လှန်ရေးအဖွဲ့ #တာဝေးပစ်ဒုံးနဲ့တိုက်ခိုက် #AyeyarwaddyTimes