ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၆ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်း ကျေးရွာ ၃ ရွာတွင် စက်တင်ဘာလ ၅ ရက်နေ့က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၉ လုံး အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရှိရသည်။

ရာဇူးတိုင်မြစ်ရေတိုက်စားမှုကြောင့် ​မြေပြိုကြမှုများဖြစ်လာသဖြင့် ကမ်းအနီးတွင်နေထိုင်သည့် နေအိမ် ၁၉ လုံး အရေးပေါ်ရွှေ့ပြောင်းခဲ့ရခြင်းဖြစ်ကြောင်း တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရှိရသည်။

” အိမ်တွေတော့သူတို့ ကိုယ်တိုင်ဖျက်ပြီးရွှေ့ကြတာ၊ ပြိုကျတဲ့နေရာနဲ့အိမ်တွေနဲ့ အကွာအဝေးနီးလာတော့ ကြိုရွှေ့တဲ့သဘောပါ။ ထောက်ပံ့မှုတွေတော့လုပ်ပေးထားတယ်”ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

မအူပင်မြို့နယ်အတွင်းမှ အောက်ထုံးကျေးရွာအုပ်စုအတွင်း အောက်ထုံးကျေးရွာ ၊ ကိုးအိမ်တန်းကျေးရွာ၊ဘားမနီးကျေးရွာတို့တို့မှ နေအိမ်ဖျက်သိမ်းပြီး ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရ​သည့် မိသားစု ၁၉ စု မှာလက်ရှိတွင်နီးစပ်ရာဆွေမျိုးနေအိမ်နှင့် ဘုန်းကြီးကျောင်း စာသင်ကျောင်းများတွင်ယာယီနေထိုင်နေကြောင်းသိရှိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ကလည်း ပန်းတနော်မြို့နယ်ရှိ ကျေးရွာ ၄ ရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၆ လုံး ရွှေ့ပြောင်းခဲ့ရပြီး ယခု တတိယအကြိမ်ရွှေ့ပြောင်းပေးခဲ့မှုဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှတိတမ်းများအရ သိရှိရသည်။

#မအူပင်မြို့ #မြစ်ကမ်းပါးပြိုကျမှု #လူနေအိမ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times