
နွေဦးမောင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ ၊ အနန္တသူရိယလမ်း အမှတ် (၁၈)ရပ်ကွက် အမှတ်-၈၄၁ တွင်နေထိုင်သည့် အသက် ၉ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုသုံးဦးကို ယမန်နေ့ စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လူတစ်စုက ဝင်ရောက် သတ်ဖြတ်၍ ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့ကြောင်း သိရသည်။
မိသားစုဝင် သုံး ဦးကို သတ်ဖြတ်၍ ဓားပြတိုက်မှု ကျူးလွန်သူများသည် စစ်ကောင်စီက လှည့်ကင်း ပတ်ကင်းများပတ်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဝင်ရောက်လှုပ်ရှားမှုကို သတင်းပေးရန် တာဝန်ပေး ခိုင်းစေထားသည့် ကြေးစားလူမိုက် ဝင်းနိုင်တို့အဖွဲ့ ဖြစ်နိုင်ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
အသတ်ခံရသူ မိသားစုများမှာ ကိုဇော်လွင် အသက် (၄၂)နှစ် ၊ မစုလှိုင်ဝင်း အသက် (၃၇)နှစ် နှင့် သားဖြိုးမြတ်ကိုကို အသက်(၉) နှစ် တို့ဖြစ်ကြပြီး ဧရာဝတီတိုင်း ညောင်တုန်းကျွန်းမှ လှိုင်သာယာမြို့နယ်အတွင်းသို့ ရွှေပြောင်းနေထိုင်သူများဖြစ်ကာ ငါးပိ၊ ငါးခြောက်နှင့် ငါးကျပ်တိုက် လုပ်ရောင်းကာ စီးပွားရှာနေသူများဖြစ်ကြောင်း သိရသည်။
“မိသားစုတွေ အသတ်မခံရခင်မှာ ရပ်ကွက်ထဲကင်းပတ်နေတဲ့ လူမိုက်ကြေးစား ဝင်းနိုင်တို့အဖွဲ့ အိမ်ကိုလာကြည့် တာတွေ့တယ်။ သူတို့က လောင်းကစားသမား၊ ဆေးသမားတွေ။ သူတို့နဲ့ကရန်ငြိုးလည်းမရှိဘူး။ မစုလှိုင်ဝင်းကတော့ ရွှေဝတ်တာ ဝါသနာပါတယ်။ လက်ဝတ်လက်စားတွေ ဝတ်ထားတော့ အထင်ကြီးပြီးလုပ်တာ ဖြစ်မယ်။ လှိုင်သာယာမြို့နယ်တခွင်မှာတော့ အဲဒီအဖွဲ့ကို ဘယ်သူမှ မော်မကြည့်ရဲဘူး။ ဟိုးအရင်ကတည်းက ကုမ္ပဏီတွေက သူတို့ဧရိယာနဲ့မလွတ်တဲ့နေရာတွေဆို ဝင်းနိုင်တို့အဖွဲ့ကိုငှားပြီး ရှင်းနေကြ။ အခုစစ်ကောင်စီတပ်ကပါ တာဝန်ပေးထားတော့ ပိုဆိုးတာပေါ့” ဟု အမည်မဖော်လိုသူ လှိုင်သာယာမြို့ နေထိုင်သူတစ်ဦးက ဧရာဝတီ တိုင်းမ် ကိုပြောသည်။
အဆိုပါ မိသားစုဝင် သုံးဦးကို သတ်ဖြတ်၍ ဓားပြတိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ရောက်ရှိလာကာ နေအိမ်ကို စစ်ဆေးမှုများပြုလုပ်၍ လူမှုကူညီရေးကားဖြင့် သယ်ယူသွားကြောင်း ဒေသခံများထံကသိရသည်။
စစ်တပ် အာဏာသိမ်းယူပြီးနောက် လှိုင်သာယာမြို့နယ်တွင် ရပ်ရွာထိမ်းသိမ်းရန် အကြောင်းပြ၍ ကြေးစားလူမိုက်အဖွဲ့များကို ပြည်သူစစ်ပုံစံဖြင့် စစ်ကောင်စီက မွေးမြူထား ကြောင်းသိရသည်။
မိသားစု ၃ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဒေသခံများက အထက်ပါအတိုင်း ပြောဆိုထားသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။
ဓာတ်ပုံ-သေဆုံးသူမိသားစု
#လှိုင်သာယာ #အသက်၉နှစ်ကလေးငယ် #မိသားစုဝင်၃ဦး #လူသတ်ဓားမြတိုက် #စစ်ကောင်စီ #တာဝန်ပေးခိုင်းစေ #ကြေးစားလူမိုက်ပြည်သူ့စစ် #Ayeyarwaddy_Times