ဧရာဝတီတိုင်း

စက်တင်ဘာလ ၅ ရက်

စစ်ကောင်စီက လုပ်ဆောင်နေသော မိုခါမုန်တိုင်းပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သည့် လူမှုဘဝရောက်ရှိနေပြီး ကောင်းမွန်စွာဆောင်ရွက်နိုင်ကြောင်း ထိုင်းနှင့်သီရိလင်္ကာ သံအမတ်တို့ က မြှောက်ပင့်ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းသင့်ဒေသများတွင် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို မြန်မာနိုင်ငံအခြေစိုက် သံရုံးများရှိ သံအမတ်များကို စစ်ကောင်စီက ဖိတ်ခေါ်ပြသပြီးနောက် ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

” မိုခါမုန်တိုင်းခံစားရပေမယ့် ပြည်သူတွေအနေနဲ့ လုံခြုံတဲ့ ပိုမိုကောင်းမွန်တဲ့လူမှူဘဝကို ရရှိနေကြတာကို လက်တွေ့မြင်ခဲ့ရတဲ့အတွက် မြန်မာအစိုးရ ( မူရင်းပြောကြားချက်)ရဲ့ ဆောင်ရွက်မှုများအပေါ် များစွာချီးကျုးဂုဏ်ယူမိပါတယ် ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန်က ပြောကြားသည်။

ထိုင်းဘုရင်အပါအဝင် ထိုင်းပြည်သူများက စာနာထောက်ထားမှု အကူညီများကို မြန်မာပြည်သူများထံ ပေးအပ်ကြောင်း၊ TICA အစီအစဉ်မှတဆင့် ရခိုင်ပြည်နေပြည်သူများ၏ လှုမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကူညီနေကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဆိုက်ကလုန်းမိုခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ IDP စခန်းနေသူများအတွက် ဆောင်ရွက်ပေးထားမှုများ၊ ရခိုင်ပြည်နယ်က နေရပ်စွှန့်ခွာသူများကို ပြန်လည်လက်ခံရေးဆောင်ရွက်ချက်များ အပေါ် ချီးကျူးဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး မစ္စတာဂျေအမ်ပရီယန်သာ ဘန်ဒါရာက ဆိုသည်။

“ မိုခါနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေ ( မူရင်းပြောကြားချက်)နဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ကောင်းမွန်စွာ ဆောင်ရွင်နိုင်ခဲ့လို့ သေဆုံးမှုအရေအတွက်အနည်းဆုံးဖြစ်ခဲ့ရတယ်” ဟု သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး မစ္စတာဂျေအမ်ပရီယန်သာ ဘန်ဒါရာက ဆိုသည်။

ပြီးခဲ့သည့်မေလ မိုခါမုန်တိုင်းမတိုက်မီ ရခိုင်ပြည်သူများကိုယ်တိုင် ရွှေ့ပြောင်းနေထိုင်ခြင်းကြောင့် ထိခိုက်မှုနည်းရခြင်းဖြစ်ပြီး ယခုအချိန်ထိ တာလပတ်မိုးဖြင့်နေထိုင်ရသူများရှိကာ ပြည်လည်ထူထောင်ရေး လုပ်ငန်းများ ကိုယ်တိုင်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ – MOI, MOFA#စစ်ကောင်စီ #မိုခါ #ပြန်လည်ထူထောင်ရေး

#သံတမန်ချီးကျူး #Ayeyarwaddy_Times