ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ စက်တင်ဘာလ ၅ ရက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ရွာအတွင်းသို့ ရိက္ခာပြန်ဝင်ယူသည့် ဒေသခံ နှစ် ဦးမှာ စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင် အမျိုးသားအစည်းအရုံး ကေအဲန်ယူက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ထောင်ထားသော မိုင်းနင်းမိသည့် အသက် ၄၂ နှစ်အရွယ် ကိုဇော်မင်းထွန်း နှင့် အသက် ၃၂ နှစ်အရွယ် ကိုအယ်ကော်မူးတို့ ဒေသခံနှစ်ဦးသည် စစ်ဘေးရှောင်တိမ်းနေရာမှ ရိက္ခာလိုအပ်သည့်အတွက် ကျေးရွာအတွင်း ရိက္ခာဝင်ရောက် ယူဆောင်စဉ် စစ်ကောင်စီတပ်များ ရွာအတွင်းဝင်ရောက်စဉ်က ထောင်ခဲ့သည့် နင်းမိုင်း နင်းမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“သမင်အင်းကုန်းဘက်မှာ မိုင်းနင်းမိတာဆိုတော့ အဲ့ဒီဘက်မှာက လောလောဆယ်ဆို စစ်တပ်က ထောင်ထားတဲ့မိုင်းတွေပဲရှိတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် စစ်တောင်းမြစ်ဝှမ်းတစ်‌လျှောက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသ များတွင် မြေမြှုပ်မိုင်းများထောင်ထားခဲ့ပြီး ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် မုန်းဒေသတိုက်ပွဲတွင် အုတ်ဖြတ်၊ ကရင်ကျ၊ သမန်းကျင်း၊ ကြက်တက်ညောင်ပင်ရွာများအတွင်း နင်းမိုင်းများ အများအပြားထောင်ထားခဲ့၍ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးမှာလည်း မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာ၌ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကာ ဩဂုတ်လ ၁၂ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး

#ကျောက်တံခါး #သမင်အင်းကုန်း #တိုက်ပွဲဖြစ်ပွားရာဒေသ #စစ်ကောင်စီတပ်မြေမြုပ်မိုင်း #ဒေသခံထိမှန် #Ayeyarwaddy_Times