ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၅ ရက်

ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် သုံးနှစ်ကျော်ကြာလူဝင်ထွက်ခွင့် ပိတ်ထားရာမှ စက်တင်ဘာ ၄ ရက်နေ့တွင် မြန်မာ – တရုတ်နယ်စပ်ဂိတ်နှစ်ခုကို သီတင်းတစ်ပတ်စာနေထိုင်သွားလာနိုင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

မြန်မာ – တရုတ်နှစ်နိုင်ငံ လူဝင်ထွက်ဂိတ် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့မှ ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား (TBP) ဖြင့် မှတ်ပုံတင်ရှိသူ မည်သူမဆို ခြောက်ရက်အိပ် ခုနစ်ရက်နေထိုင်သွားလာနိုင်ကြောင်း သိရသည်။

အဆိုပါယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ် ပြုလုပ်ရန် စာရွက်စာတမ်းကြေး ဝန်ဆောင်ခ ကျပ်ငွေ ၁၀၀၀ ကျသင့်မည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်အစောပိုင်းတွင် တရုတ်နယ်စပ် မူဆယ်နှင့် နန့်ခမ်းမြို့တို့ရှိ အိမ်ထောင်စုစာရင်းပါဝင်သူများသာ နယ်စပ်ဂိတ်ခွင့်မှ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (BP)ဖြင့် သွားလာခွင့်ရသည်။

အဆိုပါနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခြင်းကြောင့် မြန်မာဘက်ခြမ်းက နေ့စားအလုပ်သမားများ တရုတ်နိုင်ငံသို့သွားရောက်အလုပ်လုပ်နိုင်မည်ဖြစ်ပြီး တရုတ် ကုန်ပစ္စည်း များကို တိုက်ရိုက်ဝယ်ယူနိုင် မည်ဖြစ်ကြောင်း ကုန်ရောင်းဝယ်လုပ်သူတစ်ဦးက ပြောကြားသည်။

NLD အစိုးရလက်ထပ် ၂၀၁၉ ခုနှစ်တွင် မြန်မာဘက်မှ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လုပ်ကိုင်နိုင်ရန် အလုပ်သမား စေလွှတ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ ( MOU ) ထိုးရန် တရုတ်နိုင်ငံသို့ ကမ်းလှမ်းရာတွင် အကြောင်းပြန်ကြားခြင်းမရှိကြောင်း သိရသည်။

လက်ရှိ မြန်မာ တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍတွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၁ ရက်မှ ၃ ရက်နေ့အထိ ပို့ကုန်တင်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၃၃ သန်း နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၉၆ သန်းရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါကုန်သွယ်မှုတန်ဖိုးများကို MACCS စနစ်အရ ငွေလဲနှုန်း တစ်ယွမ်လျှင် ၂၈၈ ဒသမ ၀၈ ကျပ်ဖြင့်တွက်ထားရာ ပြင်ပပေါက်ဈေး တစ်ယွမ် ၄၉၈ ကျပ်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#မြန်မာတရုတ်နယ်စပ်ဂိတ်ဖွင့် #မူဆယ် #နန်းတော်ဂိတ် #ဆင်ဖြူဂိတ် #Ayeyarwaddy_Times