ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊စက်တင်ဘာလ ၅ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက် လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့(PDF) တို့ ဩဂုတ်လအတွင်း ထိတွေ့တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် တပ်ရင်း (၁) က စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ရေဖြုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက် ညနေပိုင်းက ရေဖြူမြို့နယ်၊ ရငဲ ရွာဘုန်းကြီး ကျောင်း အတွင်းသို့ တပ်စွဲရန်ရောက်ရှိလာစဉ် ထားဝယ်ခရိုင် တပ်ရင်း (၁) T1 ရှိ ရဲဘော်များမှ 79-ဗုံးသီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ထက်မနည်း သေဆုံးခဲ့ပြီး ညတွင်းချင်းပင် ရငဲကျေးရွာအတွင်းမှ ဆုတ်ခွာသွားကြောင်း သိရသည်။

“ကျွန်တော်တို့ အမှတ်(၁) တပ်ရင်းက စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်နေပါတယ်။ မဟာမိတ်ပူးပေါင်းတပ်များနဲ့လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးသည်အထိ တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပါတယ်” ဟု ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

အထိနာ၍ ပြန်လည်ဆုတ်ခွာသွားသော စစ်ကောင်စီစစ်ကြောင်းသည် သြဂုတ်လ ၁၄ ရက် နံနက် ၁၁ နာရီ ခန့်အချိန်တွင် ခမောင်းချောင်း၊ ဧကနိ၊ ကုန်းသာယာ၊ ဝဇွမ်းတော ကျေးရွာဖက်သို့ ထပ်မံ၍ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဧကနိကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ထားဝယ်ခရိုင် တပ်ရင်း (၁) နဲ့ ရေဖြူ ပ.က.ဖ.ဇင်ယော်တပ်စု တို့ ထိတွေ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ ဇင်ယော်တပ်စိပ်မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

ထို့နောက် စစ်ကောင်စီတပ်များသည် မွန်းလွဲ ၁ နာရီခန့်အချိန်တွင် ဧကနိကျေးရွာ စာသင်ကျောင်းအနီးရှိ ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက် ဆီးနေစဉ် ထားဝယ်ခရိုင် တပ်ရင်း(၁) T1 ရဲဘော်များနှင့် ရေဖြူ ပ.က.ဖ ဇင်ယော်တပ်စုတို့မှ ထပ်မံတိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ဝဇွမ်းတော ၊ရငဲ၊ ကုန်းသာယာရွာ တို့ကို စစ်ကြောင်း ထိုးဝင်ရောက်၍ ဒေသခံများ၏ နေအိမ် ၁၇ လုံး ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် နေအိမ် အများအပြားကို ရိုက်ချိုးဖျက်ဆီး၍ တန်ဖိုးကြီးမားသည့် ရွှေ၊ ငွေ၊ ပစ္စည်းတို့ကို ခိုးယူခဲ့ပြီး ပြန်လည် ထွက်ခွာသွားတယ်လို့ ဒေသခံများ ထံကသိရသည်။

ဓာတ်ပုံ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထားဝယ်ခရိုင် တပ်ရင်း (၁)

#ရေဖြူ #ဩဂုတ်လ #စစ်ကောင်စီတပ်နှင့်PDFပူးပေါင်းတပ်ဖွဲ့ #တိုက်ပွဲသုံးကြိမ် #စစ်ကောင်စီတပ်ဖွဲ့ဝင်၆ဦးသေ #Ayeyarwaddy_Times