ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ တောင်အာဖရိကနိုင်ငံက ရုရှားသို့ စစ်လက်နက်တွေ ထောက် ပံ့ခဲ့တဲ့ အထောက်အထား မတွေ့ရဘူးလို့ သမ္မတ ဆိုင်ရေးလ်ရာမာဖိုဆာက ပြောကြားလိုက်ပါတယ်။

ရုရှားသင်္ဘောတစ်စင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ကိတ်ပ်တောင်းမြို့တော်မှာ ခဲယမ်းမီးကျောက် နဲ့ စစ်လက်နက်တွေ တင်ဆောင်ခဲ့တယ်လို့ တောင်အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့ ပြောဆို ချက်ကို အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့က ပယ်ချခဲ့ပါတယ်။

အမေရိကန်သံအမတ်ကြီးရဲ့ စွပ်စွဲချက်ကြောင့် တောင်အာဖရိကနိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာ ကြားနေဝါဒ ကျင့်သုံးခြင်း ရှိ မရှိ မေးခွန်းတွေ ထွက်လာစေခဲ့ပါတယ်။

အဆိုပါစွပ်စွဲချက်က တိုင်းပြည်ရဲ့ အများလက်ခံမှုနဲ့ ဂုဏ်သတင်းကျော်ဇောမှုကို ထိခိုက်စေခဲ့တယ်လို့ ရာမာဖိုဆာက ပြောပါတယ်။

“တောင်အာဖရိကနိုင်ငံမှ ရုရှားကိုထွက်ခွာတဲ့ သင်္ဘောက စစ်လက်နက်တွေ သယ်ယူပို့ဆောင်ခဲ့တယ်ဆို တဲ့ ဘယ်အထောက်အထားမှ စုံစမ်းစစ်ဆေးရေးအဖွဲ့က မတွေ့ရှိခဲ့ပါဘူး။ စစ်လက်နက်တွေတင်ပို့ဖို့ ခွင့်ပြုချက် မပေးခဲ့သလို ဘယ်စစ်လက်နက်မှလည်း မတင်ပို့ခဲ့ပါဘူး” လို့ ရာမာဖိုဆာက ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ပြောပါ တယ်။

၂၀၁၈ ခုနှစ်အတွင်း ရုရှားကုန်တင်သင်္ဘောတစ်စင်းကသာ ရုရှားကနေ တောင်အာဖရိကသို့ စစ်လက်နက် တွေ တင်ပို့ခဲ့တာကို စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့ပါတယ်။

ရုရှားသို့ပြန်လာတဲ့ သင်္ဘောတစ်စင်းဟာ ခဲယမ်းမီးကျောက်တွေ၊ စစ်လက်နက်တွေ သယ်ဆောင်လာ တယ်လို့ ယုံကြည်ရကြောင်း အမေရိကန်သံအမတ်ကြီး ရီဘင်ဘရက်တနီက မေလအတွင်း ပရီတိုးရီးယားမြို့ တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ပြောဆိုချက်ကြောင့် တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ဖြစ်စဉ်ကိုဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေး ရေးအဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ရေတပ်အခြေစိုက်စခန်းကို သွားရောက်လည်ပတ်ကာ လူပေါင်း ၅၀ ကျော်ရဲ့ ပြောဆိုချက်တွေကို နားထောင်ခဲ့ပြီး မှတ်တမ်းမှတ်ရာ ၁၀၀ ကျော်ကို ကြည့်ရှုခဲ့ရတယ်လို့ သူက ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း တောင်အာဖရိကနိုင်ငံက ရုရှားနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့တာကြောင့် အမေရိကန်၊ အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

တောင်အာဖရိကဟာ ယူကရိန်းအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအဖွဲ့ရဲ့ မဲခွဲဆုံးဖြတ်ချက်တွေမှာ ကြား နေမဲပေးခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ရုရှားကို တရားဝင် ရှုတ်ချဖို့ ငြင်းဆန်ခဲ့ပါတယ်။

ရုရှားနဲ့ တောင်အာဖရိကကြား ပူးတွဲ ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်မိတယ် လို့ အမေရိကန်နိုင်ငံဟာ အရင်က ပြောကြားခဲ့ဖူးပါတယ်။

ကိုးကား – BBC
Ref; South Africa says inquiry finds no evidence of arms shipment to Russia

#Ayeyarwaddy_Times