
ဧရာဝတီတိုင်းမ်
(ချင်း)၊ စက်တင်ဘာ ၄ ရက်
ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန် မှုများကြောင့် လုံခြုံရေးအရ အသက်အန္တရာယ်အာမခံချက်မရှိသည့်အတွက် မီဇိုးရမ်ပြည်နယ်မှ မိမိနေရပ်ပြန်ရန် စီစဉ်နေကြသော စစ်ဘေးရှောင်များအနေဖြင့် ပြန်လည်သုံးသပ်ကြရန် ချင်းလူမှုအဖွဲ့အစည်းများက တိုက်တွန်းပြောကြားသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်များအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရန်အတွက် ခက်ခဲခြင်း၊ မိမိနေရပ်ရှိ ပိုင်ဆိုင်မှုပစ္စည်းများကို စောင့်ရှောက်မည့်သူမရှိခြင်းနှင့် နေရပ်ဒေသကို လွမ်းဆွတ်ခြင်းတို့ကြောင့် ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ စစ်ဘေးရှောင်တချို့သည် တိုက်ပွဲပြင်းထန်နေသည့်ကြားမှ နေရပ်ပြန်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
“အရင်က စစ်ဘေးရှောင်တချို့ပြန်ကြပေမယ့် ဒီဘက်ကို ပြန်လာကြတာရှိတယ်။ လုံခြုံရေးအရတော့ ပြည်တွင်းမှာ အာမခံချက်မရှိဘူး။ အချိန်မရွေးသူတို့ အန္တရာယ်နဲ့ ကြုံဖို့ အလားအလာရှိတာပေါ့နော်။ သူတို့ ပြန်ချင်တဲ့ အကြောင်းအရင်းက အမျိုးမျိုးရှိမှာပေါ့နော်။ နေရပ်ပြန်တာနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ် မကင်းဖြစ်နေပါတယ်”လို့ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း၏Program Managerဆလိုင်းတေရက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများကို အန္ဒိယအစိုးရက စစ်ဘေးရှောင် ပြည်သူအဖြစ် တရားဝင်အသိအမှတ်မပြုသည့်အတွက် အိန္ဒိယအစိုးရထံမှ မည်သည့်အကူအညီမှ (လုံးဝ)မရရှိကြောင်းသိရပြီး စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသော မီဇိုးရမ်အစိုးရနှင့်NGO/INGO အဖွဲ့စည်းများထံကလည်း ထောက်ပံ့မှုနည်းပါးလာကြောင်းသိရသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ကို ကျင့်သုံး၍ ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆက်သွယ်ရေးလမ်းကြောင်းများကို အကုန်ပိတ်ပင်ခဲ့ပြီး နေရပ်ပြန်မည့် စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြည်တွင်း၊ ပြည်ပနှင့် အဆက်အသွယ်ပြုလုပ်ရန်နှင့် အခြားအခက်အခဲမျိုးစုံကိုလည်း ရင်ဆိုင်ကြုံတွေ့နိုင်သည်ဟု ချင်းလူမှုအဖွဲ့အစည်းများက ပြောသည်။
“မီဇိုးရမ်ပြည်နယ်မှာ ကျွန်တော်တို့အတွက် အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိပါဘူး။ ပြည်တွင်းမှာက လူမှုနေထိုင်မှုအဆင်မပြေတဲ့အပြင် အသက်အန္တရာယ်အတွက် ၂၄ နာရီစိုးရိမ်နေရပါတယ်။ အသက်အန္တရာယ် စိုးရိမ်ပူပန်မှုကြားထဲမှာ နေရမယ့်အစား ပြည်တွင်းဘက်မှာအလုံခြုံနိုင်ဆုံးအနေအထားတစ်ခုအထိရောက်အောင် သည်းခံပြီးတော့ အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိတဲ့ မီဇိုးရမ်ဘက်ခြမ်းမှာပဲ နေထိုင်ကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းချင်ပါတယ်”လို့ ချင်းရေးရာအဖွဲ့ချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူးဆလိုင်းဗန်ဆွီးဆန်က ပြောသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်နှင့် နယူးဒေသလီတို့တွင် ချင်းစစ်ဘေးရှောင်စုစုပေါင်း ခြောက်သောင်းကျော်ရှိကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့အစည်း၏ စစ်တမ်းကောက်ချက်အရ သိရသည်။
အလားတူ ပြည်တွင်းတွင် စစ်ဘေးရှောင်နေကြသော ချင်းပြည်သူများအနေဖြင့်လည်း မည်သည့်ထောက်ပံ့မှုမရရှိသလို ပွင့်လင်းရာသီရောက်တော့မည်ဖြစ်သည့်အတွက် ချင်းပြည်နယ်တွင် စစ်ရေးအခြေအနေပိုမိုပြင်းထန်လာနိုင်ပြီး ပြည်တွင်းရှိ စစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် စိုးရိမ်စရာအခြေအနေဖြစ်နေကြောင်းသိရသည်။
မီဇိုးရမ်ပြည်နယ်မှ မိမိဆန္ဒသဘောထားအရ နေရပ်ပြန်မည့် စစ်ဘေးရှောင်တချို့နှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရက လက်မခံသည့်အတွက် မောင်းထုတ်ခြင်းသာဖြစ်ကြောင်း ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီတပ်က ဝါဒဖြန့်ထားကြောင်းဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-ချင်းစစ်ဘေးရှောင်ပြည်သူများ
#အိန္ဒိယ #မီဇိုးရမ် #စစ်ဘေးရှောင်များ #တိုက်ပွဲဖြစ်ပွားနေသည့်ကြားမှနေရပ်ပြန်မည့် #ဆုံးဖြတ်ချက် #ပြန်လည်သုံးသပ် #ချင်းလူမှုအဖွဲ့အစည်းတိုက်တွန်း
#Ayeyarwaddy_Times