
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်
ဧရာဝတီတိုင်း၊ ဓနုဖြုမြို့နယ် အတွင်းရှိ ကပ်ခိုကျေးရွာတွင် ဒေသခံလူငယ်အမျိုးသားတစ်ဦးကို တော်လှန်ရေးအဖွဲ့ ထောက်ခံအားပေးသည်ဟု အကြောင်းပြကာစစ်ကောင်စီတပ်မှဖမ်းဆီး၍ အကြမ်းဖက်ဥပဒေ အပါအဝင်ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
အသက်၂၄ နှစ်အရွယ်ရှိ ကိုကျော်သူလင်းဆိုသူကို NUG နှင့်တော်လှန်ရေးအဖွဲ့ထံ လူမှုစာမျက်နှာမှတဆင့် ထောက်ခံဆက်သွယ်နေသည်ဟု အကြောင်းပြ၍ ပြီးခဲ့သည့်သြဂုတ်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့မှနေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ပြီး ဆကာကြီးကျေးရွာ နယ်မြေရဲစခန်း၌ စစ်ကြောရေးပြုလုပ်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူ တစ်ဦးက ကဧရာဝတီတိုင်းမ်ကိုပြောသည်။
” ဖေ့ဘွတ်စာမျက်နှာ ကနေတဆင့် လိုက်ရင်းဖမ်းဆီးလိုက်တာ။ အွန်လိုင်းမှာ NUGနဲ့PDF တွေကို ထောက်ခံတာတို့ ဆက်သွယ်တာတို့ တွေ့ရတဲ့အတွက် နယ်မြေရဲကင်းစခန်းကနေ တဆင့်ဖမ်းဆီးလိုက်တာပေါ့။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အခြားပုဒ်မတွေနဲ့အမှုဖွင့်စစ်ဆေးနေတယ်” ဟု ၄င်းကပြောသည်။
ဖမ်းဆီးခံထားရသည့် ကိုကျော်သူလင်းကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နှင့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) တို့ဖြင့်ပြီးခဲ့သည့် စက်တင်ဘာလ ၁ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ယင်းကဲ့သို့ ဖမ်းဆီးအရေးယူခဲ့ပြီးနောက် လက်ရှိအချိန်အထိ မိသားစုနှင့် တွေ့ဆုံခွင့်မရရှိသည့်အတွက် ကျန်းမာရေးအခြေအနေ စိုးရိမ်နေကြကြောင်း ဖမ်းဆီးခံရသူ၏မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ဓနုဖြူမြို့နယ်တွင် မြို့ပေါ်နှင့် အနီးကျေးရွာများအတွင်း ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်၊ရဲနှင့်ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့များသည် ဒေသခံများကို ရှာဖွေ စစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေကြောင်း သိရသည်။
#ဓနုဖြူ #ကပ်ခိုကျေးရွာ #ဒေသခံလူငယ်
#PDFထောက်ခံအားပေး #စစ်ကောင်စီကဖမ်းဆီး #အကြမ်းဖက်ပုဒ်မ #ပုဒ်မ၃ခုဖြင့်အမှုဖွင့်
#Ayeyarwaddy_Times