ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်မှာ စက်တင်ဘာလ ၁ ရက်မှ ၃ ရက်မှာ ကျင်းပခဲ့တဲ့ အာဆီယံလူ ထုဖိုရမ်က မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ကြေညာလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမဆန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေ တဲ့အပြင် ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့အတွက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တာလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မြန်မာစစ်တပ်ရဲ့ နိုင်ငံတော်အာဏာသိမ်းယူဖို့ ကြိုးပမ်းမှုဟာ ၉၄၅ ရက်ကြာသည်အထိ မအောင်မြင်ဘဲ မြန်မာပြည်သူတွေရဲ့ တိုက်ပွဲဝင်မှုဟာ အာဆီယံဒေသတခုလုံးအတွက် လှုံ့ဆော်မှု မီးရှူးတန်ဆောင်တခုဖြစ်တယ် လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာစစ်တပ်ထံ လေယာဉ်လဆီနဲ့ စစ်လက်နက်တွေရောင်းချတာ၊ တရားဝင်အစိုးရသဖွယ် ဆက်ဆံနေ တာတွေကို ရပ်တန့်ကြဖို့နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြဖို့ အာဆီယံလူထုဖိုရမ်က ကမ္ဘာ့နိုင်ငံတွေ ကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက NUG၊NUCC၊ERO နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် သက်ဆိုင်သူ တွေနဲ့ တရားဝင်ဆက်ဆံရေး ထူထောင်ပြီး NUGနဲ့ ERO တွေမှတဆင့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ချက်ချင်း ထောက်ပံ့ပေးဖို့ အာဆီယံလူထုဖိုရမ်က တောင်းဆိုလိုက်ပါတယ်။

အာဆီယံနိုင်ငံတွေက စည်းလုံးညီညွတ်မှုနဲ့ ဒီမိုကရေစီအရေးအတွက် စိန်ခေါ်မှုတွေ ကြုံတွေ့နေရတဲ့ မြန် မာပြည်သူတွေနဲ့ အတူရှိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေနဲ့ အရှေ့တီမောနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားပြုသူတွေ တက်ရောက်ခဲ့ကြတဲ့ ၂၀၂၃ ခုနှစ် အာဆီယံလူထုဖိုရမ် (APF) ခေါ် အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများညီလာခံ (ACSC) ကို စက်တင်ဘာလ ၁ ရက်မှ ၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တာပါ။
ကိုးကား – APF

#Ayeyarwaddy_Times