
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်
မွန်ပြည်နယ်၊ မြို့နယ်တရားရုံးတွင် သက်သေခံထွက်ဆိုချက်ပေး၍ ပြန်လာသည့် နယ်ထိန်းရဲတပ်သား ကိုကိုလွင်ကို ယမန်နေ့ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် အမည်မသိ အဖွဲ့အစည်း တစ်ခုက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့မရဲစခန်းတွင် နယ်ထိန်းတာဝန် ထမ်းဆောင်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ကိုကိုလွင်သည် ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်က မြို့နယ်တရားရုံးတွင် သက်သေခံထွက်ဆိုချက်ပေး၍ ရဲစခန်းသို့ အပြန်တွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။
“သူ(နယ်ထိန်းကိုကိုလွင်)က ပေါင်မြို့မ ရဲစခန်းမှာ နယ်ထိန်းတာဝန်ယူထားတာ။ မနေ့က နေ့လယ်ပိုင်းမှာ အမှုတစ်ခုအတွက် မြို့နယ်တရားရုံးကို သက်သေခံထွက်ဆိုချက်သွားပေးပြီး အပြန်မှာ သေနတ်နဲ့ပစ်သတ်ခံရတာ။ သူက အရပ်ဝတ်နဲ့ပဲ ဆိုင်ကယ် စီးပြီးပြန်လာတာ။ သေနတ်ဒဏ်ရာ ဗလပွနဲ့ဆိုတော့ စိမ်ပြေနပြေ ပစ်သွားတဲ့ပုံရှိတယ်။ နေရာမှာပဲ ပွဲချင်းပြီးသွားတာ။ ခုတော့ ပေါင်မြို့အနီးတဝိုက်မှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှု တွေလုပ်နေတယ်” ဟု ပေါင်မြို့မရဲစခန်း အသိုင်းအဝိုင်းနှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ပေါင်မြို့နယ်အတွင်းရှိ ဒေသခံများကို ဖိနှိပ်မှုများ လုပ်ဆောင်နေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည်လည်း အရပ်ဝတ်များဖြင့် မြို့ပတ်၍ ဆိုင်ကယ်များ ဖမ်းဆီးခြင်း၊ သတင်းရယူစုံစမ်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ ထံကသိရသည်။
#မွန်ပြည်နယ် #ပေါင်မြို့မရဲစခန်း #နယ်ထိန်းရဲတပ်သား #တရားရုံးအပြန် #သေနတ်ဖြင့်ပစ်သတ်ခံရ #Ayeyarwaddy_Times