
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်
စစ်ကောင်စီက တပ်တွင်းဝါဒဖြန့်မှုများ ပြုလုပ်နိုင်ရန်အတွက် တပ်မတော်သားများ စိတ်ဓာတ် မြင့်မားရေး၊ ယုံကြည်ချက်၊ ခံယူချက်မြင့်မားစေရေးဟုဆိုကာ စစ်ကောင်စီ တပ်တွင်းရှိအရာရှိများ၊ စစ်သည်များနှင့် မိသားစုဝင်များ ပါဝင်ယှဉ်ပြိုင်နိုင်သည့် TikTok သရုပ်ဖော်ပြိုင်ပွဲပြုလုပ်မည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ TikTok သရုပ်ဖော်ပြိုင်ပွဲတွင် တပ်မတော်သားများ စိတ်ခွန်အားဖြစ်စေနိုင်မည့် သီချင်းများ၊ မြန်မာနိုင်ငံ၏စီးပွားရေး၊ လူမှုရေးကိုပေါ်လွင်အောင်ဖော်ပြခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်က တင်သည့်သတင်းများကို ဟာသ(Troll)အနေဖြင့် သရော်ခြင်း၊ ရှေ့တန်းရောက်စစ်သားများ စိတ်ဓာတ်တက်ကြွစေရေး စသည့် ဝါဒဖြန့်အကြောင်းအရာများ ပါဝင်ရမည်ဖြစ်ပြီး စက်တင်ဘာလ ၅ ရက်နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်းလည်း သိရသည်။
“အထဲမှာ ဘယ်လောက်တောင်ပွဲပျက်နေလဲ ဒါကိုကြည့်ရင်မြင်သာတာပေါ့။ စည်းလုံးမှု ပြိုကွဲနေတဲ့ စစ်ကောင်စီက စိတ်ထင်ရာလျောက်လုပ်နေတာမျိုးပါ။ ဝါဒဖြန့်ချိရေးပိုင်းက တစ်ကောင်ကောင် ရွှေဉာဏ်တော် ကွန့်မြူးလိုက်ပုံရတယ်။ ဖိတ်ခေါ်တာကတော့ တစ်နိုင်ငံလုံးက တပ်မိသားစုတွေအားလုံးကိုဖိတ်ခေါ်တာဆိုတာ တွေ့ရတယ်။ စာသား အရတော့ တပ်ရင်းလိုက်ပေးတာမျိုးမဟုတ်ဘဲ တစ်နိုင်ငံလုံးပြိုင်ပြီး ပထမရမှ တစ်သိန်းဆိုတော့ တော်တော်တော့နည်းပါတယ်” ဟု CDM တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြိုင်ပွဲကို အရာရှိ၊ စစ်သည်မိသားစုဝင်များ အားလုံးပါဝင်နိုင်ကာ ဝါဒဖြန့်အကြောင်းအရာ သုံးမိနစ်စာဗွီဒီယိုတစ်ပုဒ်ကို TikTok တွင်တင်ရမည်ဖြစ်ပြီး အကောင်းဆုံးဗွီဒီယိုဆု ရရှိပါက ဆုကြေးငွေတစ်သိန်း၊ ဒုတိယဆု ငါးသောင်း၊ တတိယဆုသုံးသောင်း၊ အထူးဆု-(၁)၊ (၂) အတွက် တစ်သောင်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သက်ဆိုင်ရာတပ်နယ်အလိုက် ဗွီဒီယိုအပုဒ်ရေများများဖြင့် ပါဝင်ယှဉ်ပြိုင်ရန် စစ်ကောင်စီကဖိတ်ခေါ် နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တပ်မိသားစုဝင်အများစုမှာ TikTok အက်ပလီကေးရှင်းအသုံးပြုမှုများသည့်အပြင် မြန်မာနိုင်ငံရှိပြည်သူလူထု အများစုမှာလည်း TikTok ကို အဓိကဆိုရှယ်မီဒီယာတစ်ခုအနေဖြင့် တွင်တွင် ကျယ်ကျယ် အသုံးပြုနေသည့်အတွက် စစ်တပ် ဝါဒဖြန့်ချိရေးအပိုင်းတွင် ပိုမိုထိရောက် စေရန်ရည်ရွယ်ကာ ယခုကဲ့သို့ပြိုင်ပွဲပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု CDMတပ်မတော်သား များက ဆိုသည်။
#စစ်ကောင်စီတပ်မိသားစုဝင်များ #စစ်တပ်ဝါဒဖြန့်ချိရေး #Tiktokပြိုင်ပွဲ #Ayeyarwaddy_Times