
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်
ဧရာ၀တီတိုင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက တန်းစီစနစ်ဖြင့် ရောင်းချခိုင်းနေသည့် စားအုန်းဆီ မှာ အလေးချိန်ပြည့်၀ခြင်းမရှိကြောင်း ဒေသခံများထံမှသိရှိရသည်။
စစ်ကောင်စီက မြို့နယ်တိုင်းရှိ ရပ်ကွက်အချို့တွင် ဈေးနူန်းသက်သာရေးခေါင်းစဥ်နှင့် စားအုန်းဆီ တစ်ပိသာကို ၄၅၀၀ နှုန်းရောင်းချခဲ့ရာတွင် အလေးချိန်မမှန်မှုများဖြစ်ပေါ်ကြောင်းသိရှိရသည်။
“အပြင်မှာ ၁၁၀၀၀ ဈေးဆိုတော့ တန်းစီ၀ယ်ရတယ်၊ အိမ်ကြပြန်ချိန်ကြည့်တော့ တစ်ချို့ဆို ၈၀ သား ၊၉၀ သားပဲရှိတယ်။ အပြင်မှာ ဈေးတွေတက်နေတော့
အပြည့်မရလဲ တန်တယ်လို့သဘောထားပြီး သည်းခံနေရတာပဲ”ဟု ပုသိမ်မြို့တွင်နေထိုင်သူအမျိုးသမီးတစ်ဦးကပြောသည်။
စစ်ကောင်စီက လက်ရှိ တစ်သောင်းကျော် ဈေးနှင့်စားအုန်းဆီ ရောင်းချသည့်ဆိုင်များကို တစ်ပိသာကို ၄၅၀၀ ကျပ်ဖြင့်သာရောင်းချရန် အကြောင်းကြားပြီးနောက်ပိုင်း ဆိုင်များက ပြည်သူများကို ဆီပြတ်သည်ဟု ဆိုကာရောင်းချခြင်းမပြုတော့ကြောင့် တန်းစီ၀ယ်ယူ နေကြရပြီး လူတိုင်းရရှိခြင်းမရှိကြောင်းသိရသည်။
“ကျွန်တော်တို့ကတော့ သွားတန်းမစီဘူး၊ အစထဲက သူ့တို့လူတွေနဲ့ဇတ်တိုက်ထားပြီးသားပဲ။ တကယ်ဆို စစ်ကောင်စီကကုန်ဈေးနှုန်းကိုတည်ငြိမ်အောင် မလုပ်ပဲနဲ့သက်သာရေးဆိုပြီး ပေါ်ပင်တွေလုပ်ပြနေတာ။ စေသနာရှင်ကြီးတွေလို ဝါဒဖြန့်နေတာ၊ ဒါတွေကအရင်ထဲက သူတို့ လုပ်နေကြအကွက်တွေပဲ”လို့ ပုသိမ်မြို့ဥမ္မာဒနီရပ်ကွက်မှာနေထိုင်သူတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဧရာ၀တီတိုင်းမှာ စစ်ကောင်စီကဆားအုန်းဆီကို သက်သာချောင်ချိရေးခေါင်းစဉ်နှင့်ဟန်ပြစျေးရောင်းချမှုအား မြို့နယ်တချို့မှာ စက်တင်ဘာလကစတင်ပြီး စီမံချက်နဲ့ ပြုလုပ်နေကြောင်း ဒေသခံများမှပြောသည်။
သို့သော် အခြေခံလူတန်းစားအများစု ရရှိခြင်းမရှိပဲအလေးချိန်မပြည့်မှုများ ဆီ၀ယ်ယူရရှိမှုမရှိခြင်းနှင့်သတ်မှတ်ဈေးထက်ပိုပေးကာ၀ယ်ယူနေရခြင်းစတဲ့အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်းဒေသခံများထံကသိရှိရသည်။
#ဧရာဝတီတိုင်း #စားအုန်းဆီ #အလေးချိန် #စစ်ကောင်စီတပ် #Ayeyarwaddy_Times