
ဆလိုင်းသန့်စင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၆ ရက်
ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ဆိုသူက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အားကိုးယုံကြည်ရသည့် လက်ရုံးတစ်ဆူဖြစ်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရပ်သား NLD အစိုးရခေါင်းဆောင်များကို ဖမ်းဆီးကာ တိုင်းပြည်အာဏာ သိမ်းယူပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို ဖွဲ့စည်းကာ တိုင်းပြည်ကိုအုပ်ချုပ်ရန် ၎င်းယုံကြည်စိတ်ချရသူများကို ရာထူးတာဝန်များ အသီးသီး ပေးအပ်ခဲ့သည်။
ထိုသူများထဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ – ၆) တာဝန်ထမ်းနေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် ပြည်ထဲရေးဌာန ဒုဝန်ကြီးနှင့် မြန်မာနိုင်ငံရဲချုပ်စသည့် အရေးကြီးရာထူး တာဝန်များ ပေးအပ်ခြင်း ခံခဲ့ရသည်။
ရာထူးကြီးများ ရခဲ့သော ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်သည် သူ၏အဘ (စစ်တပ်အခေါ်အဝေါ်) စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခိုင်းသမျှ မိုက်မိုက်ကန်းကန်း လုပ်ခဲ့သူဟု နိုင်ငံရေး၊ စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။
မြန်မာနိုင်ငံ ရဲချုပ်ဖြစ်သူ သန်းလှိုင်သည် စစ်တပ်အာဏာသိမ်းမှုအား အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပြည်သူများကို အင်အားသုံး၍ အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ ၎င်းလက်အောက်ရှိ ရဲတပ်ဖွဲ့က ပြည်သူလူထု၏ဈေးဆိုင်၊ နေအိမ်အဆောက်အဦး၊ ကား၊ ဆိုင်ကယ်ယာဉ်အသုံးအဆောင်များကို ရိုက်ချိုးဖျက်ဆီးခဲ့သည်။
အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်အဆင့်ဆင့် အတိုင်း ဆောင်ရွက်ရမည့်အစား ကျည်အစစ်ဖြင့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ စစ်ကောင်စီကို ဆန့်ကျင်သူ ထောင်နှင့်ချီ ဖမ်းဆီး၍ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းနှင့် ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။
“သန်းလှိုင်က မင်းအောင်လှိုင်ခိုင်းသမျှ မိုက်မိုက်ကန်းကန်း အကုန်လုပ်တာ။ သူရဲချုပ်ဖြစ်ချိန်မှာ သူ့ညီအရင်းကိုတောင် ပြန်ဖမ်းတယ်။ ပြီးတော့ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်တာ။ အဲ့လိုလူစား”ဟု စစ်ခေါင်းဆောင်များ၏လှုပ်ရှားမှုကို သုတေသနပြုနေသည့် လုပ်သက်ရင့် သတင်းထောက်တစ်ဦးက ပြောသည်။
ရဲချုပ် သန်းလှိုင်၏ ညီဖြစ်သူ ကိုစိုးမိုးလှိုင်(ခ) မဲကြီးမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ကျောင်းသားတပ်မတော် ABSDF ရဲဘော်ဟောင်းတစ်ဦးလည်း ဖြစ်သည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် တော်လှန်ရေးသမား ကိုစိုးမိုးလှိုင်(ခ) မဲကြီးကို သန်းလှိုင် လက်အောက်ရှိ ရဲတပ်ဖွဲ့က ၂ဝ၂၁ ခုနှစ် မေလတွင် ပဲခူးမြို့နယ်၌ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးစခန်းတွင် အပြင်းအထန် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးခဲ့ရသည်။
ညီအရင်းဖြစ်သူတယောက်လုံး သူတာဝန်ယူထားသည့် ရဲတပ်ဖွဲ့လက်ချက်ကြောင့် သေဆုံးခဲ့သော်လည်း သန်းလှိုင်တယောက် ဂရုမစိုက်ဘဲ ရာထူးကြီး ၃ ခုဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်တွင် အဘခိုင်းသမျှလုပ်ရင်း ဆက်လက် အမှုထမ်းခဲ့သည်။
၂၀၂၁ မေလတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ယောနယ် (ဆော၊ ထီးလင်း၊ ကျောက်ထု၊ ဂန့်ဂေါ) ဒေသများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များက စစ်ကောင်စီတပ်များကို အပြင်းအထန် ခုခံတော်လှန်ခဲ့ကြသည်။
စစ်ကိုင်းတိုင်း၌ မြို့နယ်ပေါင်း ၃၄ ခုရှိသည့်အနက် အနည်းဆုံး မြို့နယ် ၂၅ ခုမှ အရေအတွက် သောင်းနှင့်ချီသော PDF တပ်သားများက စစ်ကောင်စီကို ကုန်းကြောင်းနှင့် ရေကြောင်းကပါ ပျောက်ကြားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ပြီး ခုခံတော်လှန်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းရှိ စစ်တပ်၏စီးပွားရေးလုပ်ငန်းဖြစ်သည့် Mytel ဖုန်းတာဝါတိုင် ၃၆၀ ကျော်ကို PDF များက မိုင်းခွဲဖျက်ဆီးခဲ့ပြီး စစ်ကောင်စီယာဉ်တန်းများကိုလည်း မိုင်းဆွဲတိုက်ခိုက်ခြင်းများကြောင့် ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် စစ်ကောင်စီ တပ်သားများ သေကြေဒဏ်ရာရမှု တစထက်တစ များပြားလာခဲ့သည်။
မုံရွာမြို့အခြေစိုက် စစ်ကောင်စီ၏အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၏ယောဒေသနှင့် ချင်းပြည်နယ်ကို ကွပ်ကဲရသည့်စစ်တိုင်းတစ်ခု ဖြစ်သည်။ ထိုစဉ်က နမခတိုင်းမှူးမှာ ဗိုလ်မှူးချုပ် ဖြိုးသန့် ဖြစ်သည်။
တိုင်းမှူး ဖြိုးသန့်သည် မြို့နယ်အလိုက် တော်လှန်တိုက်ခိုက်နေသည့် PDF များကို ထိရောက်စွာ တိုက်ခိုက်နှိမ်နင်းနိုင်ခြင်းမရှိဘဲ အကျအဆုံးများနေသဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏လက်ရင်းတပည့် သန်းလှိုင်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် နမခသို့ စေလွှတ်ခဲ့ပြီး စစ်တိုင်းမှူး ဖြိုးသန့်ကို သန်းလှိုင်လက်အောက်တွင်ထားကာ ကွပ်ကဲမှုများ ဆောင်ရွက်စေခဲ့သည်။
ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် နမခသို့ ရောက်ရှိပြီးနောက် စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃၊ ပဲခူးမြို့ အခြေစိုက် တပ်မ ၇၇ ၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ နှင့်ရေကြောင်း၊ လေကြောင်းတပ်များကို အသုံးပြု၍ အလောင်းမင်းတရားစစ်ဆင်ရေးဖြင့် စစ်ကိုင်းတိုင်းနှင့် ယောဒေသရှိ PDF များကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်။ ချင်းပြည်နယ်သို့လည်း အနော်ရထာစစ်ဆင်ရေးဖြင့် ခြေလျင်တပ်များ၊ သံချပ်ကာယာဉ်များ အသုံးပြု၍ တိုက်ခိုက်ခဲ့သည်။
အလောင်းမင်းတရား စစ်ဆင်ရေးအတွင်း သန်းလှိုင်ကွပ်ကဲခဲ့သောတပ်များသည် ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူတို့၏ နေအိမ်များ၊ ဘုရားကျောင်းကန် ဘုန်းကြီးကျောင်းများကို ဖျက်ဆီးလုယက်ခြင်း၊ အရပ်သား ပြည်သူများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့် ကျေးရွာများကို ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်။
သန်းလှိုင်၏ညွှန်ကြားချက်အောက်တွင် စစ်တပ်သည် ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်ပြခဲ့သော်လည်း စစ်ကိုင်းနှင့်ယောနယ်သားတို့သည် ရှိသည့်လက်နက်များဖြင့် စစ်ကောင်စီတပ်များကို ရဲရဲဝံ့ဝံ့ ပြန်လည် တိုက်ခိုက်ခဲ့ကြသဖြင့် စစ်ကောင်စီတပ် အထိနာမြဲဖြစ်ခဲ့ပြီး ယင်းနယ်များကို ထိမ်းချုပ်မရ ဖြစ်ခဲ့သည်။
“အစွမ်းကုန် ကြမ်းပြလိုက်ရင် စစ်ကိုင်းနဲ့ယောနယ်က ငြိမ်သွားလိမ့်မယ် ထင်ခဲ့တာ။ အဲ့လိုသွားကြမ်းတော့မှ ပေးဆပ်မှုတွေကြီးမားပြီး စစ်ကိုင်းနဲ့ ယောနယ်က ပိုပြီးအုံကြွတော့တာ”ဟု နိုင်ငံရေးနှင့်စစ်ရေး လေ့လာစောင့်ကြည့်သူ ဦးတင်လင်းအောင်က ပြောသည်။
အလောင်းမင်းတရား စစ်ဆင်ရေး ကွပ်ကဲနေချိန်တွင် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်၏ လူမဆန်သည့် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များအပေါ် သူ၏မိသားစုဝင်များက ဆန့်ကျင်ရှုတ်ချမှုများ ပေါ်ပေါက်ခဲ့သည်။
“သန်းလှိုင်က သူ့ညီအရင်းကို ပြန်သတ်တာ၊ စစ်ကိုင်းမှာလုပ်တဲ့ အလောင်းမင်းတရားစစ်ဆင်ရေးမှာ ရွာတွေမီးရှို့၊ အကြမ်းဖက်လုယက်၊ ဗုံးကြဲ လူသတ်တာတွေလုပ်တော့ သူ့မိသားစုဝင်တွေက လုံး၀ မကြိုက်ဘူး။ အဲ့လိုလုပ်တာတွေကို ကန့်ကွက်တာတွေ၊ မလုပ်ဖို့ တားမြစ်တာတွေ လုပ်တယ်။ မိသားစုက သူ့ကို အလုပ်ကနေ ထွက်ဖို့အထိပါ ပြောတာတွေ ရှိတယ်။ သူ့ကို လူသတ်သမားဆိုပြီး စကားမပြော၊ အဆက်အသွယ် မလုပ်တာတွေ၊ ဖယ်ကျဉ်တာတွေလုပ်ခဲ့တယ်။ အဲဒီကတည်းက သန်းလှိုင်မှာ စိတ်ဓာတ်တွေကျနေတာ”ဟု နေပြည်တော် စစ်ခေါင်းဆောင်မိသားစုများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
အလောင်းမင်းတရားစစ်ဆင်ရေးဖြင့် စစ်ကိုင်းတိုင်းနှင့် ယောနယ်ကို ၃ လတိုင် ထိုးစစ်ဆင်ခဲ့သော်လည်း PDF တပ်များကို မနှိမ်နင်းနိုင်သည့်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သန်းလှိုင်ကို နေပြည်တော်သို့ ပြန်ခေါ်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သန်းလှိုင်ကို ကစထ – ၆ မှူးရာထူး ထိုင်ခုံပေါ်မှ ကန်ချခဲ့ပြီး သူ့နေရာတွင် ဒု ဗိုလ်ချုပ်ကြီး သန်းထွန်းဦးဖြင့် အစားထိုးခဲ့သည်။
ကစထမှူးရာထူးမှာ စစ်တပ်၏ အထွဋ်အထိပ်ဖြစ်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိနိုင်သော နေရာဖြစ်သည်။ လက်ရှိကာချုပ် မင်းအောင်လှိုင်သည်ပင် ကစထမှူးဘဝမှ ကာချုပ်ဖြစ်လာသူ ဖြစ်သည်။
ထိုသို့ တက်လမ်းရှိသော ကြီးမားသည့် စစ်ဘက်ရာထူးမှ အဖြုတ်ခံရသဖြင့် သန်းလှိုင်တယောက် အကြီးအကျယ် စိတ်ဓာတ်ကျခဲ့ပြီး အရက်တွေသာ ဖိသောက်နေခဲ့သည်ဟု နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောသည်။
“သန်းလှိုင်က ကစထမှူးရာထူးက အဖြုတ်ခံရတာမှာ ပိုပြီး တင်းသွားတယ်။ သူ့ညီအရင်းကိုလည်း ရင်းခဲ့တယ်။ မိသားစုရဲ့ ဆန့်ကျင်မှုကြားက သူအလုပ်လုပ်ခဲ့တာကို အသိအမှတ်မပြုဘဲ ရာထူးက ဖြုတ်လိုက်တော့ သူတော်တော် စိတ်ဓာတ်ကျပြီး အရက်တွေပဲ ဖိသောက်တော့တာ”ဟု နေပြည်တော်ရှိ စစ်ခေါင်းဆောင် မိသားစုများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။
ဒု ဗိုလ်ချုပ်ကြီးသန်းလှိုင်သည် စိတ်ညစ်သည့်အခါတိုင်း ပုဂံမြို့သို့သွား၍ ဟိုတယ်တစ်ခုတွင် အရက် သောက်လေ့ရှိပြီး မူးလာသည့်အခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မဘသ၊ ပျူစောထီးများကို အော်ဟစ် ဆဲဆိုလေ့ရှိသည်ဟု ပုဂံမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရှိရသည်။
“သူမူးလာရင် မကျေနပ်သူတွေကို အော်ဟစ်ဆဲဆိုတာတွေ လုပ်တယ်။ ဆဲတဲ့အထဲမှာ မအလ (ကာချုပ် မင်းအောင်လှိုင်)လည်း ပါတယ်။ သူဒီလောက်လုပ်ပေးခဲ့တာကို သူ့ကို ကစထမှူးကနေ ဖြုတ်ရသလားဆိုပြီး တင်းတာ။ ပြီးတော့ မဘသတို့၊ ပျူစောထီးတို့တွေက စစ်တပ်ကို ဗန်းပြ၊ စစ်တပ်ကို အသုံးချပြီး ကိုယ်ကျိုးရှာနေတာ၊ သူတို့လုပ်ချင်တာလုပ်ပြီး အပြစ်တွေအကုန်လုံး စစ်တပ်ကို ထိုးချနေတာ စသဖြင့် ပြောလေ့ရှိတယ်”ဟု ပုဂံမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် သန်းလှိုင်၏ စစ်ဘက်ရာထူးကို ဖြုတ်ခဲ့သော်လည်း ပြည်ထဲရေး ဒုဝန်ကြီး ရာထူးနှင့် မြန်မာနိုင်ငံ ရဲချုပ်ရာထူးကို ဆက်လက်ထားရှိခဲ့သည်။ သို့သော် သန်းလှိုင်အနေဖြင့် အဆိုပါ ရာထူးများ တွင်လည်း ၂ လခန့်သာ ဆက်လက်တည်မြဲခဲ့ပြီး မေလဆန်းတွင် ယင်းရာထူး ၂ ခုစလုံးမှ ထပ်မံ ဖြုတ်ချခံလိုက်ရပြန်သည်။
အာဏာသိမ်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက သန်းလှိုင်ကို စစ်ဘက်ရာထူး ပြန်လည်ထမ်းဆောင်ရန်အတွက် အရပ်ဘက်ရာထူး ၂ ခုကနေ အနားပေးတာဟု ဆိုသည်။ ထိုသို့ပြောဆိုပြီး ၁ လအကြာ ဇွန်လဆန်းတွင် သန်းလှိုင်လက်ဝယ် နောက်ဆုံးကျန်ရှိနေသော ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖြုတ်သိမ်းခဲ့ပြီး တာဝန်မှအနားပေးခဲ့သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောဆိုချက်က စစ်တပ် မပြိုကွဲစေရန်နှင့် သန်းလှိုင်၏ရာထူးများ ဖြုတ်သိမ်းမှုကို ရုပ်မပျက်စေရန် လိမ်ညာဖုံးကွယ်ခြင်းသာ ဖြစ်ခဲ့သည်။
“သန်းလှိုင်ကို စစ်ဘက်ရာထူး ပြန်ထမ်းခိုင်းမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောနေကတည်းက ဒါက လိမ်ညာ ဖုံးကွယ်နေတယ်ဆိုတာ ကျနော်တို့က သိပြီးသား။ သန်းလှိုင်ရဲ့ ကစထ ၆ မှူးနေရာက လူစားထိုးပြီးသား။ ဘယ်နေရာ ပြန်ပေးမှာလဲ။ သူ့ကိုပေးမယ်ဆို ဇော်မျိုးတင့် လုပ်ခဲ့တဲ့ လေ့ကျင့်ရေးအရာရှိချုပ်နေရာတစ်ခုပဲ ရှိတယ်။ နဂိုကတည်းကမှ မင်းအောင်လှိုင်က သူ့ကို မသုံးချင်တော့လို့ မယုံတော့လို့ ကစထမှူးက ထုတ်ထားတဲ့သူကို စစ်ဘက်ရာထူး ပြန်ပေးမယ်ဆိုတာ လုံး၀ မဖြစ်နိုင်မှန်း ကျနော်တို့ သိပြီးသား”ဟု မကွေးတိုင်းအတွင်းမှ တပ်မတော်သားဟောင်းတစ်ဦးက ပြောသည်။
သန်းလှိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၉ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး စစ်မှုထမ်းသက် ၃၅ နှစ်ကျော်ရှိကာ လက်ရှိတွင် အသက် ၅၇ နှစ် ရှိပြီဖြစ်သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခိုင်းသမျှ လုပ်ခဲ့သော သန်းလှိုင်သည် လက်ရှိတွင် ရာထူးလက်မဲ့ဖြင့် ဆုံးရှုံးမှုများစွာ ရင်မှာပိုက်ခဲ့ရပြီဖြစ်သည်။
ကစထမှူးဘဝ၊ မြန်မာနိုင်ငံ ရဲချုပ်ဘဝ၊ ပြည်ထဲရေး ဒု-ဝန်ကြီးဘဝက လုပ်ခဲ့သော အကြမ်းဖက်မှုတွေကြောင့် ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က သန်းလှိုင်ကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။
သန်းလှိုင်လက်ဝယ် ရာထူးတစ်ခုမှ မရှိတော့သော်လည်း ကစထ – ၆ မှူး၊ ပြည်ထဲရေး ဒုဝန်ကြီး၊ ရဲချုပ်စသည့် အရေးကြီးရာထူးများနှင့် အလောင်းမင်းတရား စစ်ဆင်ရေး ကဲ့သို့ အရေးကြီးမစ်ရှင်များ ထမ်းခဲ့သူမို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းအား လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ပေးအပ်ဖွယ်မရှိကြောင်း လုပ်သက်ရင့်သတင်းစာဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။
“သန်းလှိုင်က လက်ရှိမှာ ရာထူးအားလုံး မရှိတော့တာ မှန်တယ်။ ဒါပေမယ့် သူထမ်းဆောင်ခဲ့တဲ့ ရာထူး တာဝန်တွေ၊ စစ်ဆင်ရေးတွေနဲ့ စစ်တပ်ထိပ်ပိုင်းအတွင်းရေးတွေ သိနေသူဖြစ်နေလို့ မင်းအောင်လှိုင်က သူ့ကို ဒီတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ နေအိမ်အကျယ်ချုပ် မဟုတ်ရင်တောင် အမြဲတစေ စောင့်ကြည့်ခံနေရမှာ သေချာတယ်”ဟု သူက ပြောသည်။
ကိုယ့်ရာထူးအာဏာအတွက် ညီအရင်းကို သတ်ခဲ့သူ၊ ဆန္ဒပြ ပြည်သူများကို ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ခဲ့သူ၊ စစ်ကိုင်းတိုင်းနှင့် ယောနယ်ကို မီးလောင်တိုက်သွင်း ဖျက်ဆီးခဲ့သူ သန်းလှိုင်သည် စစ်ရာဇဝတ်ကောင်တစ်ဦးအဖြစ် ပြည်သူလူထု၏ မုန်းတီးရွံရှာမှုများဖြင့် သူ့ဘဝ၏ လက်ကျန်အချိန်များကို ဖြတ်သန်းရတော့မည် ဖြစ်သည်။
(ဆလိုင်းသန့်စင်သည် Ayeyarwaddy Times သတင်းဌာန တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)