
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ရပ်ကွက် NLD ပါတီ ဥက္ကဌ တစ်ဦး စက်တင်ဘာ ၃ ရက်နေ့ကစစ်ကြောရေးတွင်နှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
အမှတ် (၄) ရပ်ကွက် NLDပါတီဥက္ကဌ ဖြစ်သူ ဦးအောင်မြင့်စိုးကို သြဂုတ်လ ၃၀ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရဲများက လာရောက်ဖမ်းဆီးခဲ့ပြီး ၄ ရက်အကြာမှာသေဆုံးကြောင်း လာရောက်အကြောင်းကြားခြင်းဖြစ်ကြောင်း သိရှိရသည်။
“တမင်အပြစ်မဲ့တဲ့သူကို ကြက်ဌက်သတ်သလို သတ်နေတာ၊ စခန်းမှူးတစ်အားဆိုးတယ်။ အရင်လပိုင်းကပဲ တစ်ယောက်ကိုရိုက်သတ်ထားသေးတယ်”ဟု အသုတ်မြို့ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သေဆုံးသူ ဦးအောင်မြင်စိုးသည် ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့ညပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲစခန်းမှူး ကိုလက်ပစ်ဗုံးနှင့်ပစ်ခဲ့ပြီး ဗုံးမကွဲခဲ့ပဲ လာရောက်ပစ်သူလူငယ်များလွှတ်မြှောက်သွားပြီးနောက်ပိုင်းစွတ်စွဲဖမ်းဆီးခံရသူများမှ တစ်ဦးဖြစ်ကြောင်းသိရှိရသည်။
ယခုလို စစ်ကောင်စီတပ်နှင့်ရဲများက ဖမ်းဆီးနှိပ်စက်မှုကြောင့်သေဆုံးသွားရသော ဦးအောင်မြင့်စိုးကို သေဆုံးကြောင်းသာလာရောက်အကြောင်းကြားခဲ့သော်လည်း ရုပ်အလောင်းကိုပြန်ပေးခြင်းမရှိသေးကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရှိရသည်။
အသုတ်မြိုတွင် ပြီးခဲ့သည့်ဇွန်လအတွင်းကအမှတ် (၃) ရပ်ကွက်၊ အောင်ဇေယျ (၆ )လမ်းတွင် နေထိုင်သော အသက် ၂၆ နှစ် အရွယ် ကိုထူးဝေအောင်ကို စစ်ကောင်စီနှင့်ရဲများကဖမ်းဆီးသွားပြီး နိပ်စက်မှုကြောင့်သေဆုံးခဲ့ကာ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အသုတ်စခန်းမှူးက မိသားစုဝင်များအား ငွေကျပ် သိန်း ၈၀ ပေးကာ အမှုအား ကျေအေးပေးခိုင်းခဲ့ကြောင်းသိရှိရသည်။
#အသုတ်မြို့ #စခန်းမှူး #လူရိုက်သတ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times