ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့်ဒေသခံနေအိမ် ၁၀လုံးထက်မနည်းရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံက သတင်းရရှိသည်။

ညောင်တုန်းမြို့နယ်ဂန်ချောင်းကျေးရွာတွင် ပြီးခဲ့သည့်စက်တင်ဘာလ၁ ရက်နေ့ နေ့လည်အချိန်၌ တိုးမြစ်ကမ်းပါး ပြိုကျမှုကြောင့် ကမ်းနားအနီးနေထိုင်သည့်နေအိမ် ၁၀ လုံးထက်မနည်းကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

” မနှစ်ကတည်းက စပြီးကမ်းနားပြိုကျတာ ။ဒီနှစ်က မိုးအရမ်းရွာတာဆိုတော့ မြေသားမခိုင်တော့ပဲ ပြိုကျသွားတာ။ အိမ် ၁၀ လုံးကတော့ရွှေ့လိုက်ရတယ်။အခြားနေအိမ်တွေကိုလည်းနေရာရွှေ့ဖို့ဆောင်ရွက်နေပါတယ်” ဟု ၄င်းကပြောသည်။

ယင်းကဲ့သို့ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဒေသခံများအပေါ် ကျေးရွာဘုန်းကြီးကျောင်းနှင့် အဆင်ပြေမည့် နေရာများတွင် ပြန်လည်ချပေးထားသော်လည်း နေအိမ်ပြန်လည် ဆောက်လုပ်ရန် အကူအညီများလိုအပ်နေကြောင်း နေရာရွှေ့ပြောင်းခဲ့ရသည့်ဒေသခံများမှပြောသည်။

” အခုရွာထဲကိုပြန်ရွှေ့လာရတာဆိုတော့ အိမ်ပြန်ဆောက်ဖို့အတွက်က ခက်ခဲနေတယ်။ တချို့ဆို အိမ်ပြန်ဆောက်ဖို့တောင် တော်တော်လေးခက်ခဲတဲ့ သူတွေရှိတယ်” ဟု နေရာရွှေ့ပြောင်းခဲ့ရသည့် ဒေသခံတစ်ဦးကဆိုသည်။

အလားတူပြီးခဲ့သည့်သြဂုတ်လ ၃၀ ရက်နေ့ကလည်း ပန်းတနော်မြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဒေသခံနေအိမ်(၁၅)လုံးထက်မနည်းရွှေ့ပြောင်းခဲ့ရသလို ဟသ်ာတမြို့နယ်တွင်လည်း ကမ်းပြိုကျမှုကြောင့် ဒေသခံ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေကြရသည်။

#ညောင်တုန်းမြို့ #ဂန်ချောင်းကျေးရွာ #မြစ်ကမ်းပါးပြိုကျမှု #နေအိမ်၁၀လုံးထက်မနည်း #ရွှေ့ပြောင်းရ

#Ayeyarwaddy_Times