
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာလ ၃ ရက်)
ကျွန်တော်တို့မြန်မာတွေဟာ ကောင်းကောင်းမွန်မွန် ချမ်းချမ်းသာသာ နေနိုင်တာကို “ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ” ဆိုပြီး တင်စား ပြောဆိုတတ်ကြပါတယ်။
ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့အာဟာရတွေထဲမှာ အဆီတွေပါဝင်ပါတယ်။ ခန္ဓာကိုယ် နေ့စဉ် လှုပ်ရှားသွားလာရှင်သန်ဖို့အတွက် လိုအပ်တဲ့စွမ်းအင်တွေကို အဆီတွေကနေ ရယူနိုင်ပါတယ်။
အဆီမှာပျော်ဝင်တဲ့ ဗိုက်တာမင် အေ၊ ဒီ၊ အီး၊ ကေ တို့ကို ခန္ဓာကိုယ်ကစုပ်ယူဖို့အတွက် အဆီလိုအပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နှစ်ကို ဆီပေါင် ၄၆ ပေါင်ခန့် စားသုံးသင့်တယ်လို့ ကျန်းမာရေးဆိုင်ရာ သုတေသီများက ဆိုထားပါတယ်။ အဆီပါတဲ့ အစားသောက်ကလေးတွေက အရသာပိုရှိတယ်။ ပိုစားကောင်းတယ်လို့ ခံစားမိစေပါတယ်။ အဆီကြောင့် အီပြီး ဗိုက်ပြည့်စေတယ် လို့လည်း ဆိုကြပါတယ်။
အဆီဟာ မွေးကင်းစကလေးငယ်တွေနဲ့ လေးဘက်ထောက်အရွယ်ကလေးငယ်တွေ ကြီးထွား ဖွံ့ဖြိုးရေးအတွက် အရေးပါပါတယ်။
အဆီစားခြင်းဖြင့် ကယ်လိုရီ စွမ်းအင်များများ ရနိုင်ပါတယ်။ ဒါပေမယ့် အဆီကို လိုအပ်သည်ထက် ပိုမိုပြီး အများကြီးစားမိရင်တော့ ခန္ဓာကိုယ်အတွက် ရောဂါ ပြဿနာတွေ အများကြီးကို ကြုံတွေ့လာရစေပါတယ်။
သကြား-ကစီဓာတ်၊ ပရိုတိန်း-အသားဓာတ်တွေထက် အဆီဓာတ်က စွမ်းအင်ကယ်လိုရီ ထုတ်ပေးမှုနှစ်ဆကျော် ပိုများပါတယ်။ ခန္ဓာကိုယ်ကနေ့စဉ်လိုအပ်တဲ့ စွမ်းအင်ကယ် လိုရီထက် ပိုပြီးစားမိတဲ့အခါ ပိုလျှံတဲ့ အဆီတွေကို ခန္ဓာကိုယ်ထဲမှာ ပြန်လည် သိုလှောင်ရင်း ကိုယ်အလေးချိန် တက်လာပါတယ်။ အဆီကို အရေပြား အောက်မှာ သိုလှောင်ရင်း ဗိုက်ပူ အခေါက်ထူကာ အဆီတက်ပြီး ပြည့်ဖောင်း ဝဖြိုးလာပါတယ်။
အဆီတက် ပြည့်ဖောင်း ဝဖြိုး အဝလွန်လာခဲ့ရင်တော့ နောက်ဆက်တွဲဖြစ်တဲ့ ဆီးချို၊ သွေးချိုရောဂါ၊ ဟော်မုန်းရောဂါ၊ ကင်ဆာရောဂါတွေနဲ့ အခြားရောဂါ ဖြစ်ပွားနှုန်းတွေကို များပြားလာစေပါတယ်။
ဆီကို စားသုံးတဲ့အခါ မလိုအပ်တဲ့ဆီ အမျိုးစားတွေကို စားခဲ့ရင် ကျန်းမာရေး ပြဿနာတွေအများကြီးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အဆီစားမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျိုးအစားကိုရွေးချယ်ပြီးမှန်ကန်စွာသုံးဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့ စားသောက်နေတဲ့အစားသောက်တွေမှာ အဆီအမျိုးအစားမျိုးစုံပါဝင် ပါတယ်။
ကျန်းမာရေးနှင့်ညီညွတ်တဲ့ဆီ
#မပြည့်ဝဆီ(Monounsaturated fats & Polyunsaturated fats)
မပြည့်ဝဆီကို ရွေးချယ်စားသုံးခြင်းဟာ ကျန်းမာရေအတွက်ကောင်းမွန်တဲ့ အကျိုးသက် ရောက်ခြင်းတွေရှိပါတယ်။ ကျန်းမာရေးအတွက်ကောင်းစေတယ်ဆိုပေမယ့် လိုအပ် တာထက်ပိုပြီး အလွန်အကျွံတော့ မစားသင့်ပါဘူး။ ငါး၊ အစေ့အဆံ၊ အခွံမာသီး နဲ့ ဟင်းရွက်တွေက ရတဲ့ အဆီတွေက မပြည့်ဝဆီတွေဖြစ်ကြပြီး ပုံမှန်အပူချိန်မှာ ခဲမနေဘဲ အရည်အနေနဲ့ တွေ့ရပါမယ်။ ဒါကြောင့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ ပာင်းရွက်ဆီ နဲ့ပြောင်းဖူးဆီ တွေကို ရွေးချယ်စားသုံးသင့်ပါတယ်။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ဆီ
#ပြည့်ဝဆီနှင့်အသွင်ပြောင်းဆီ(Saturated fats & Trans fats)
ကျန်မာရေးကိုဆိုးကျိုးတွေကို ပေးစေတဲ့ ရှောင်ရမယ့်ဆီက ပုံမှန်အပူချိန်မှာ ခဲနေ တတ်ပါတယ်။ ထောပတ်ဆီ၊ တိရစ္ဆာန်ဆီ၊ မာဂျရင်းဆီ၊ အုန်းဆီ၊ စားအုန်းဆီတွေက ရှောင်ရမယ့်ပြည့်ဝဆီတွေပဲဖြစ်ပါတယ်။ အသွင်းပြောင်းဆီကလည်း ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ စစ်ကောင်စီရဲ့ အဓမ္မ အာဏာသိမ်းယူမှုကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံနေကြရပြီး စားအုန်းဆီကိုပင် အလုအယက် ဝယ်ယူနေရတာကိုလည်း စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။
ပဲနှစ်ပြန်ကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ တိုရှည်၊ အကြော်စုံ၊ ကိတ်မုန့်၊ ဒိုးနတ်၊ ကွတ်ကီး၊ ပီဇာ၊ ဘီစကစ်၊ ကြက်ကြော်၊ အာလူးချောင်းကြော် နဲ့ ကော်ဖီမိတ် တွေလိုမျိုး လူသုံးများပြီး အသင့်စား (Fastfood)တဲ့ အစားအစာတွေမှာ အသွင်ပြောင်းအဆီတွေ ပါဝင်နေတတ်ပါတယ်။ ပြန်ကြော်ဆီတွေကို သုံးခြင်းကလည်း ကျန်းမာရေးကို ဆိုးရွား စေတာကြောင့် ဆီကို အပြန်ပြန် အလှန်လှန် သုံးခြင်းကို ရှောင်ကြစေလိုပါတယ်။
#ခန္ဓာကိုယ်သွေးအတွင်းရှိအဆီများ(Blood Lipids )
ထွိုင်ဂလစ်ဆရွိုက်အဆီ(Triglycerides TG)၊ သိပ်သည်းဆနည်း သွေးတွင်းအဆီ (အဆီပွ) LDL Cholesterol နဲ့ သိပ်သည်းဆများ သွေးတွင်းအဆီ (အဆီကျစ်) HDL Cholesterol တွေကို သွေးဖောက်စစ်ဆေးနိုင်ပါတယ်။ (အဆီကျစ်)HDL Cholesterol က နှလုံးကိုကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးတကြီးလိုအပ်တဲ့ အဆီဖြစ် ပါတယ်။
အခြားအဆီတွေကတော့ ပိုလျှံနေရင် ကျန်းမာရေးကိုဆိုးကျိုးတွေဖြစ်စေပါမယ်။ သွေးတွင်း အဆီဓာတ် များလာလျှင် နှလုံးသွေးကြောရောဂါတွေကို လက်ယက် ခေါ်နေ သလိုပါပဲ။ အဆီများလာရင် သွေးကြောအတွင်းနံရံတွေမှာ အဆီထူလာပြီး သွေးကြောကျဥ်း သွေးကြောပိတ်ခြင်းကို ခံစားရပါမယ်။ သွေးတွင်းအဆီများနေပြီး ခြေသလုံးနာကျင်ခြင်း၊ ခြေဖဝါးတွေ လက်ချောင်းလေးတွေ ခြေချောင်းလေးတွေ နာကျင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ လှုပ်လှုပ်ရှားရှား လုပ်တိုင်းမောခြင်း၊ ခေါင်းမကြည်လင်ခြင်း၊ စကားထစ်စကားပြောရခက်ခဲခြင်း၊ အားနည်းပင်ပန်းခြင်း၊ လက်မောင်းတွေလေးလံခြင်းတွေ ဖြစ်လာခဲ့ရင် သွေးကြော ရောဂါ ကိုရှာဖွေ ပြီး ကုသရတော့မှာ ဖြစ်ပါတယ်။
အသည်းအဆီဖုံးခြင်း၊ နှလုံးအဆီဖုံးခြင်း၊ ကျောက်ကပ်အဆီဖုံးခြင်းတွေလို ကိုယ်အင်္ဂါ အစိတ်ပိုင်းတွေကိုလည်း အဆီဖုံးတတ်တာမို့ အဆီဓာတ်ကို ထိန်းသိမ်းဖို့နဲ့ ဆီကို စားသုံးရာမှာ ချင့်ချိန်ဖို့ လိုပါတယ်။
#ကျန်းမာစေဖို့ ပြုပြင်ပြောင်းလဲရမယ့်အမူအကျင့်များ
စားသုံးဆီရွေးချယ်ပါက မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ ပာင်းရွက်ဆီ တွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ ဆီသန့်သန့်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။
ဆီကို သုံးစွဲတဲ့အခါ နှစ်ပြန်၊ သုံးပြန်ကြော်လှော် စာသုံးခြင်းတွေကို ရှောင်ကြဉ်ရပါမယ်။ ဆီကို တစ်ခါပဲသုံးပါ။ ထပ်ခါထပ်ခါ ပြန်ပြီး မသုံးပါနှင့်။
အရေခွံကြော် အဆီကြော် တွေ ရှောင်ပါ။ ကြက်အရေခွံ ဝက်ခေါက် ဝက်ဆီဖတ် တွေကို ရှောင်ပါ။ အသင့်စားအလွယ်တကူစားနိုင်သော Fast food တွေကို ရှောင်ပါ။
သုံးထပ်သားကဲ့သို့ အခေါက်ကဲ့သို့ အဆီထူသောအသားအပိုင်းများကိုမစားဘဲ အသားသီးသန့်အပိုင်းတွေကိုသာ ရွေးချယ်ပါ။ အဆီပိုင်းများကို မချက်ပြုတ်မီ ဖယ်ရှား စွန့်ပစ်ပါ။
ငါးများများ စားပေးပါ။ ငါးကြီးဆီ (Omega-3)ကို သုံးစွဲ နိုင်ပါတယ်။ ဟင်းသီး ဟင်းရွက်တွေကို ရွေးချယ်စားသုံးပါ။ အစေ့အဆံများစားပါ။ အဆီထုတ်ထားသောနွားနို့ ၊ ဒိန်ချဉ်၊ ပဲအမျိုးမျိုး စားပေးပါ။
အချိုပွဲအနေနဲ့ စားသုံးရာမှာလည်း မုန့်မသုံးဘဲ သစ်သီးများကိုသာ ရွေးချယ်ပါ။
ဆီဖြင့်ကြော်ခြင်းထက် ပြုတ်ခြင်း၊ ဖုတ်ခြင်း၊ ကင်ခြင်း၊ ပေါင်းခြင်း တွေလို ဆီမသုံးဘဲ ချက်ရသည့် နည်းလမ်းများ သုံးစွဲပါ။ ပြင်းထန်တဲ့ နှလုံးအထောက်ကူပြုလေ့ကျင့်ခန်း Cardio Workout များ လုပ်ပေးပါ။
သွေးတွင်းအဆီများနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး အမူအကျင့် အနေအထိုင် ပြောင်းလဲပါ။ အစားသောက်ကို ဆင်ခြင်ပါ။ လိုအပ်ပါက အဆီချဆေးများကို ဆရာဝန်က ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။
AyeyarwadyTimes စာဖတ်သူများလည်း နှလုံးနှင့်သွေးကြောတွေ ကျန်းမာပြီး အသက်ရှည်အနာမဲ့ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ မျိုးဆက်ပွားကျန်းမာရေး သန္ဓေတားပစ္စည်းဖြစ်တဲ့ ကွန်ဒုံး အကြောင်းကို ဖော်ပြပေးမှာ ဖြစ်တာကြောင့် ဆက်လက်စောင့်မျှော် ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #စားသုံးဆီနှင့်အခြေခံကျန်းမာရေး #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါး အပ်ပါသည်။)