
ဧရာဝတိတိုင်းမ်
စက်တင်ဘာလ ၃ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် အိမ်ပျက်ကျေးရွာတွင် ပြီးခဲ့သည့်သြဂုတ်လ နောက်ဆုံးအပတ်က ဖြစ်ပွားခဲ့သည့် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေရာရွှေ့ပြောင်းခဲ့ရသည့် ဒေသခံ ၁၀၀၀ ကျော်မှာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကူညီရေးလုပ်ဆောင်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံကသိရသည်။
သြဂုတ်လ ၂၅ရက်နေ့က ဖြစ်ပွားခဲ့သည့် မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု (၂၉၀ ) စုရှိ လူဦးရေ (၁၀၄၇)ဦးမှာ ဘေးအန္တရာယ်ကင်းလွတ်သည့် နေရာတွင် တိမ်းရှောင်နေရကြောင်း အိမ်ပျက်ကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
” ဦးမိုးလေးတာအနီးမှာ ကမ်းပါးပြိုကျတာ တော်တော်လေးအခြေအနေဆိုးတယ်။ တာနဲ့ကပ်ပြီးတော့ပြိုကျတာဆိုတော့ တာနားကအိမ်တွေနဲ့ ကမ်းနားကအိမ်တွေ အကုန်ရွှေ့ရတယ်။အိမ်ခြေ ၂၉၀ နဲ့ လူဦးရေ ၁၀၄၇ ယောက်စာရင်းရထားတယ်။ ရွာမကြီးအနီးမှာ အဆင်ပြေသလိုပဲနေရာချပေးထားပါတယ်” ဟု ၄င်းကပြောသည်။
ယင်းကဲ့သို့ နေရာရွှေ့ပြောင်းခဲ့ရသည့် ဒေသခံများအတွက် ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့များက စားစရာအချို့ကို ထောက်ပံ့ပေးထားသော်လည်း လူဦးရေများပြားနေမှုကြောင့် လုံလောက်မှုမရှိ၍ အကူအညီများစွာ လိုအပ်နေကြောင်းကူညီလုပ်ဆောင်ပေးနေသည့် လူမှုကူညီရေး လုပ်ဆောင်သူများထံက သိရသည်။
” လူဦးရေများနေတာဆိုတော့ စားစရာတွေပဲထောက်ပံ့ပေးနိုင်တော့တယ်။ နေထိုင်စရာထောက်ပံ့ပေးဖို့အတွက် ခက်ခဲနေတာပေါ့။ အလှူရှင်တွေကို ချိပ်ဆက်ပြီးပြောထားတာတော့ရှိတယ်။ လောလောဆယ် ကတော့ အမိုးအကာဖြစ်သလိုနဲ့ပဲ စီစဥ်ပေးထားရတယ်” ဟု ကူညီလုပ်ဆောင်ပေးနေသည့် အိမ်ပျက်ကျေးရွာ လူမှုကူညီရေးအသင်းအဖွဲ့ဝင် တစ်ဦးကဆိုသည်။
ဟင်္သာတမြို့နယ် အိမ်ပျက်ကျေးရွာရှိ ဦးမိုးလေး တာအနီး၌ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းကလည်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ဒေသခံ ၄၀၀ ဦးထက်မနည်း နေရာရွှေ့ပြောင်းခဲ့ရသည်။
ဓာတ်ပုံ- CJ