နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်

စစ်အာဏာသိမ်းပြီးနောက် NCA ၏ အနှစ်သာရနှင့် လုပ်ငန်းစဉ်များ အားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ပြီဖြစ်၍ စစ်ကောင်စီနှင့် စောမြရာဇာလင်းတို့ တွေ့ဆုံဆွေးနွေးမှုများ သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP နှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သည့် ALP ပါတီက စက်တင်ဘာ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်- NCA ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော အပစ်ရပ်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သော အုပ်စုနှင့် ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သော အုပ်စုဟူ၍ ပါတီဟူ၍ ALP ပါတီ နှစ်ခြမ်းကွဲနေကြောင်း သိရသည်။

ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သော ALP သည် NCA လက်မှတ် ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်-PNLO နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး-LDU တို့နှင့်အတူ နေပြည်တော်သို့ သွားရောက်၍ အာဏာသိမ်း စစ်ကောင်စီနှင့် ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်တာ တွေ့ဆုံဆွေးနွေးခဲ့သည်။

NCA လုပ်ငန်းစဉ်များသည် တိုင်းရင်းသားများ လိုလားသော ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခွင့်အရေးများကို မရနိုင်သကဲ့သို့ မြန်မာပြည်သူတစ်ရပ်လုံး လိုလားသော ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းသာယာဝဖြိုးသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ပေါ်လာမည်မဟုတ်ဟု ယုံကြည်ကြောင်း ခိုင်ရဲခိုင် ဦးဆောင်သည့် ALP ဗဟိုကော်မတီ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် စောမြရာဇာလင်းအား ဧရာဝတီတိုင်းမ် သတင်းဌာနက သဘောထားမှတ်ချက် တောင်းယူရန် စက်တင်ဘာလ ၂ ရက်၊ ညပိုင်းအထိ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။

ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သော ALP က ၎င်းတို့အနေဖြင့် မဟာမိတ်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲ‌ပြီး ရခိုင်ပြည်တွင်းရှိ တော်လှန်ရေး၊ နိုင်ငံရေး အင်အားစုများနှင့် အမျိုးသားညီညွတ်ရေး တည်ဆောက်ကာ မပြီးဆုံးသေးသော ရခိုင့်ကြမ္မာ ရခိုင်ဖန်တီးနိုင်ရေး လက်နက်ကိုင်တော်လှန်ရေးကို ပန်းတိုင်အရောက် ဆက်လက်ချီတက်မည်ဟုလည်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်ကောင်စီ

#ALPပါတီနှစ်ခြမ်းကွဲ #စစ်ကောင်စီနှင့်စောမြရာဇာလင်း #တွေ့ဆုံဆွေးနွေးမှု #လုံးဝသက်ဆိုင်မှုမရှိ #ခိုင်ရဲခိုင်ALPပါတီ #ထုတ်ပြန် #Ayeyarwaddy_Times