ဧရာဝတီတိုင်းမ်

(ငါန်းဇွန်း)၊ စက်တင်ဘာလ ၂ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာတွင် စခန်းချတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်က ငါန်းဇွန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များမှ ဒရုန်းဖြင့်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သားကျင်ရွာတွင် တပ်စွဲထားသည့် အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဗုံးသီး ရှစ်လုံးခန့်ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးခဲ့ပြီး အရာရှိဆိုသူတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ငါန်းဇွန်(ပကဖ)ထံက သိရသည်။

“အခုအဲ့ဒီစခန်းက အထိုင်စခန်းတော့မဟုတ်ဘူး။ ရွေ့လျားအထိုင်စခန်းသဘောမျိုးပေါ့။ သူတို့စစ်ကြောင်းထိုးတယ်။ ပြန်လာစခန်းထိုင်တယ်။တစ်ခါတစ်ခါတပ်စွဲထားရင်တော့အချိန်ကြာပါတယ်” ဟု ငါန်းဇွန်ပြည်သူ့ကာကွယ်ရတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်ကောင်စီစခန်းမှ လက်နက်ကြီး လေး လုံး ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့သည်။ သေဆုံးအလောင်း များနှင့် ဒဏ်ရာရသူများကိုလည်း ညအချိန်ရောက်မှ ကားဖြင့်တိတ်တဆိတ် သယ်ထုတ်သွားကြောင်းလည်းသိရသည်။

အဆိုပါတိုက်ခိုက်မှုအား ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Black Eagle Defence Force-MMU၊ Black Eagle Drone Force၊ ဒေါင်းဖိုက်တာ ပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့ ၊ 925 ပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပြောက်ကျားအဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်းမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်အတွင်းကလည်း ရေလည်သောင်ရွာနှင့် လက်ပံသာကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တပ်သား ငါး ဦးသေဆုံးခဲ့သည်။

ဓာတ်ပုံ-ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#ငါန်းဇွန် #စစ်ကောင်စီတပ်စခန်းတစ်ခုကို #ဒရုန်းဖြင့်တိုက်ခိုက် #စစ်သား၂ဦးသေဆုံး #အရာရှိတစ်ဦး #ပြင်းထန်စွာဒဏ်ရာရခဲ့ဟုဆို

#Ayeyarwaddy_Times