ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ ရက်

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်ရှိ မြို့နယ်များဖြစ်သည့် ဖြူး၊ ကျောက်တံခါး၊ မုန်း၊ ကျောက်ကြီးနှင့် ရေတာရှည် စသည့်ဒေသများတွင် ယခုအခါ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာ တစ်လဝန်းကျင်ရှိပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့က ထန်းတပင်မြို့နယ်အတွင်းရှိ မြို့ဆိုးရွာ စစ်တောင်းမြစ်ကူး တံတား အနီးရှိ စစ်ကောင်စီကင်းစခန်းနှင့် ကင်းပုန်းချထားသည့် နေရာကို ရိုးမစစ်ကြောင်း(၂)နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ တပ်သား ရှစ် ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ဒီဘက်ခြမ်းမှာက လိုင်းဖြတ်ထားတာ တစ်လနီးပါးလောက်ရှိနေပြီ။ ဖုန်းလိုင်းပဲရတယ်။ အင်တာနက်က ဝိုင်ဖိုင်ပဲသုံးလို့ရတာ။ ဝိုင်ဖိုင်တွေကလည်း အများစုက မြို့ပေါ်မှာပဲသုံး လို့ရတာများတယ်။ အခုဖြူးဘက်မှာလဲ တိုက်ပွဲတွေဖြစ်နေတယ်။ ဒီဘက်စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်က ရွာတွေမှာ ဒေသခံတွေက စစ်ရှောင်နေကြတာ များတယ် ” ဟု ဖြူးမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ဩဂုတ်လ ၂၉ ရက်နေ့က စတင်ပြီး နေ့စဉ် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ အကြိမ်ရေမြောက်မြားစွာ ပြုလုပ်နေကြောင်းလည်း သိရသည်။

“တိုက်ပွဲတွေကတော့ နေ့စဉ်ဖြစ်နေပြီး နှစ်ဖက်ရင်ဆိုင်ထားရတဲ့ အနေအထားမှာရှိပါတယ်။ ရန်သူဘက်ကတော့ ထိခိုက်ကျဆုံးမှုများပါတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီဘက်က ဒေသခံများနေထိုင်ရာကျေးရွာများအတွင်း ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ဩဂုတ်လ ၂၉ ရက်နေ့တွင် ရေတာရှည်မြို့နယ်မှ ဒေသခံ နှစ် ဦးသေဆုံးခဲ့ပြီး ထန်းတပင်မြို့နယ်၊ မြို့ဆိုးရွာမှ ဒေသခံလင်မယား နှစ် ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

#စစ်တောင်းမြစ်ဝှမ်း #ထန်းတပင် #တိုက်ပွဲ #စစ်ကောင်စီ #ဖုန်းလိုင်း #ဖြတ်တောက် #Ayeyarwaddy_Times