
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ရွာတွင် စက်တင်ဘာလ ၁ရက်နေ့က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၄လုံး အရေးပေါ် ရွှေ့ပြောင်း ခဲ့ရကြောင်း သိရသည်။
ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် မြေပြိုကြမှုများဖြစ်လာသဖြင့် ကမ်းအနီးတွင် နေထိုင်သည့် နေအိမ် ၁၄ လုံးကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်သည်။
” အိမ်တွေတော့သူတို့ ကိုယ်တိုင် ဖျက်ပြီးရွှေ့ကြတာ ပြိုကျတဲ့နေရာနဲ့ အိမ်တွေနဲ့ အကွာအဝေးနီးလာပြီ၊ ကြိုပြီးရွှေ့လိုက်တော့အိမ်ပျက်စီးတာတို့ လူထိခိုက်တာမျိုး တော့မရှိပါဘူး” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ခဲ့ရသူများသည် လက်ရှိတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့်နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များတွင် ယာယီနေထိုင်နေကြောင်းသိရသည်။
ပြီးခဲ့သည့် သြဂုတ်လ၁၉ရက်နေ့က ပန်းတနော်မြို့နယ် အတွင်းရှိ ကျေးရွာ လေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၆လုံး ရွှေ့ပြောင်းခဲ့ရပြီး ယခု အခါ ဒုတိယ အကြိမ်ရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်ကြောင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှတ်တမ်းများ အရ သိရှိရသည်။
#ပန်းတနော်မြို့ #မြစ်ကမ်းပါးပြိုကျမှု #နေအိမ်၁၄ #လုံးအရေးပေါ် ရွှေ့ပြောင်း #Ayeyarwaddy_Times