
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ ရက်
အာဏာသိမ်း စစ်ကောင်စီနှင့် ၎င်း၏အပေါင်းအပါများ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူပေးရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ယန္တရားများဆီ အကြံပြုချက်များနှင့်အတူ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ညီမျှခြင်းမြန်မာထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ၎င်း၏အပေါင်းအပါတို့သည် နိုင်ငံတဝန်း၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုပြင်းထန် အရှိန်မြင့်လာခဲ့ပြီး ယင်းကျူးလွန်မှုများကို ညီမျှခြင်းမြန်မာက စုစည်းမှတ်တမ်းတင်ကာ “ရန်ငြိုးဖွဲ့ ချေမှုန်းခံနေရတဲ့ အရပ်သားပြည်သူများ”ဟူသော အစီရင်ခံစာ တစ်စောင်အား ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံရေးအတိုက်အခံများအား ဖမ်းဆီးထိန်းသိမ်းထားစဉ်နှင့် လက်နက်ကိုင်တိုက်ပွဲအတွင်း စစ်တပ်နှင့် ၎င်း၏အပေါင်းအပါများက ကျူးလွန်ခဲ့ကြသော အရပ်သားပြည်သူများအား သတ်ဖြတ်မှုများကို ဤအစီရင်ခံစာတွင် မီးမောင်းထိုး တင်ပြထားသည်ဟုလည်း သိရသည်။
“ဒီဟာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ယန္တရားတွေ ဆိုလို့ရှိရင်တော့ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးကော်မရှင်လိုမျိုး၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရှာရှိလိုမျိုး ပြီးရင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးလို နေရာမျိုးတွေမှာ ကျွန်မတို့ ဒီအချက်အလက်တွေကို ပို့ဆောင်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ နစ်နာခံစားရတဲ့ ပြည်သူတွေအပြင် တခြားသော မြန်မာပြည်သူတစ်ရပ်လုံးရဲ့ လွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ကို အဓိကမျှော်လင့်တာ ဖြစ်ပါတယ်”ဟု ညီမျှခြင်းမြန်မာမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါအစီရင်ခံစာနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်း-CSO များ၏ အခန်းကဏ္ဍအရ မှတ်တမ်းများ ပြုစုသိမ်းဆည်းထားဆဲဖြစ်ပြီး ယခုဖြစ်စဉ်များနှင့် ပတ်သက်၍လည်း သက်သေခံ အချက်အလက်များ ထပ်မံပေါ်ပေါက်လာပါက ဖြည့်စွက်ပြုစုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ ခုနှစ်၊မတ်လအတွင်း အရပ်သားပြည်သူများ သတ်ဖြတ်ခံရသည့်ဖြစ်ရပ် စုစုပေါင်း ၄၄၁ ခုနှင့် စုစုပေါင်း သေဆုံးသူ ၁၃၆၃ ဦးရှိပြီး ယင်းအနက်မှ ၇၄၈ ဦးသည် အရွယ်ရောက်ပြီးသူ အမျိုးသားများဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ညီမျှခြင်းမြန်မာ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအပြင် သတ်ဖြတ်ခံရသူ ၁၄၃ ဦးမှာ အရွယ်ရောက်ပြီးသူ အမျိုးသမီးများနှင့် ၉၆ ဦးမှာ ကလေးသူငယ်များဖြစ်ပြီး မသန်စွမ်းသူများ သတ်ဖြတ်ခံရမူဖြစ်စဉ် စုစုပေါင်း ၁၀ ခုကိုလည်း တွေ့ရှိခဲ့သည်။ အရပ်သားပြည်သူများကို သတ်ဖြတ်ရာတွင် သေနတ်ဖြင့် ပစ်သတ်ခြင်း၊ မီးရှို့ခြင်း၊ ခေါင်းဖြတ်ခြင်း၊ လက်နက်ကြီး ထိမှန်ခြင်းနှင့် မုဒိမ်းပြုကျင့်စဉ် သတ်ဖြတ်ခြင်း စသည့်နည်းလမ်းများကိုလည်း ရက်စက်စွာ လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
သေနတ်ဖြင့် ပစ်သတ်ခြင်းကြောင့် သေဆုံးသည့်ဖြစ်စဉ်မှာ အများဆုံးဖြစ်ပြီး စုစုပေါင်း ၂၇၂ ဦး သေဆုံးခဲ့ကာ၊ ယင်းနောက်တွင် မီးရှို့ခံရမှုကြောင့် သေဆုံးသူ ၆၄ ဦးဖြင့် ဒုတိယအများဆုံးဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ် ၂၀ မှာ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင် စခန်းများကဲ့သို့သော ထိခိုက်လွယ်သည့် နေရာများ တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်များဖြစ်ကြောင်း သိရသည်။
#စစ်ကောင်စီ #လူ့အခွင့်အရေး #ချိုးဖောက်မှု #အရေးယူပေးရန် #နိုင်ငံတကာ #ယန္တရား #အကြံပြုချက်များ #တင်ပြတောင်းဆို