
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ ရက်
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဌ သက်တမ်းတစ်လျှောက် မြန်မာ့အရေး ဖြေရှင်းဖို့ အခြေ ခံအုတ်မြစ် ချပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားလိုက်ပါတယ်။
အာဆီယံဥက္ကဌသက်တမ်း ကိုးလအတွင်း အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို တိတ်တဆိတ် လုပ်ဆောင်ခဲ့တယ်လို့ ရတ်နိုမာဆူဒီက ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံက မြန်မာစစ်ကောင်စီ၊ NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှု ၁၄၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။
“တစ်နှစ်နီးပါးအတွင်း မြန်မာပဋိပက္ခကိုဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ၂၀၂၃ ခုနှစ်အတွင်း မြန်မာ့အ ရေး ဖြေရှင်းနိုင်မယ့် အခြေခံအုတ်မြစ်တွေ ချပေးခဲ့ပါတယ်” လို့ သြဂုတ်လ ၂၉ ရက်က သူမရဲ့ရုံးခန်းမှာ Tempo သတင်းဌာနနဲ့ပြုလုပ်တဲ့ အထူးသီးသန့်အင်တာဗျူးတစ်ခုအတွင်း ရတ်နိုမာဆူဒီက ပြောပါတယ်။
“အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ လာအိုနိုင်ငံက ဆက်ခံရမှာ ဖြစ်ပါတယ်။ သက်ဆိုင်သူအားလုံးအတွက် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် လုပ်ဆောင်ပေးဖို့ မလွယ်ကူခဲ့ပါဘူး” လို့ သူ က ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုတွေ၊ စီးပွားရေး မတည်ငြိမ် မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ အာဆီယံအဖွဲ့က ၂၀၂၁ ခုနှစ်နှောင်းပိုင်းကတည်းက မြန်မာစစ်ကောင်စီကို ဒေသ တွင်း ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပေမယ့် ပဋိပက္ခဖြေရှင်းရာမှာ သိသာထင်ရှားတဲ့ တိုး တက်မှုဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။
မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ အစီအစဉ် က မြန်မာပဋိပက္ခ အဆုံးသတ်စေမယ့် အာဆီယံအဖွဲ့ရဲ့ သိသာထင်ရှားတဲ့ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ကြား လွန်ခဲ့တဲ့ ၂ နှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက် တစ်ရပ်ဖြစ်တဲ့ အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို ဖော်ဆောင်ဖို့ အင်ဒိုနီးရှားနိုင်ငံက တွန်းအားပေးနေပါတယ်။
မြန်မာစစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့ပျက်ကွက်တာနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေက စိတ်ပျက်နေကြပါတယ်။
ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီကို ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းလာပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အကျဉ်းချခံထားရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ် လို့ သိရပါတယ်။
ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့လုပ်ဆောင်မှုက အင်ဒိုနီးရှားနိုင်ငံရဲ့ ဉီးဆောင်မှု အောက်မှာ အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ကျော်လွန်တာလို့ အဖွဲ့အစည်းအများအ ပြားက ယုံကြည်ခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်က မြန်မာ့အရေးဖြေရှင်းရာမှာ အဓိက အကိုးအကားဖြစ်နေမယ်လို့ ရတ်နိုမာဆူဒီက ပြောပြီး အာဆီယံအဖွဲ့ကို စည်းလုံးညီညွတ်မှုရှိဖို့ တိုက်တွန်းလိုက်ပါတယ်။
အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေက မြန်မာပဋိပက္ခ အဆုံးသတ်ရေးမှာ အ ထောက်အပံ့ဖြစ်စေတဲ့ အခန်းကဏ္ဍမှာရှိပေမယ့် ဆုံးဖြတ်ရမယ့်အုပ်စုတွေက မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေဖြစ် တယ်လို့ သူက ထောက်ပြပါတယ်။
အာဆီယံခေါင်းဆောင်တွေ သဘောတူညီထားတဲ့ တူညီဆန္ဒ ၅ ရပ် ဖော်ဆောင်ရေးကို လာမယ်သီတင်း ပတ်အတွင်း ဂျကာတာမြို့တော်မှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ဆက်လက်ဆွေးနွေးမယ်လို့ ရတ်နို မာဆူဒီက ဖြည့်စွက်ပြောပါတယ်။
မြန်မာစစ်ကောင်စီ တက်ရောက်ခွင့်မရတဲ့ စက်တင်ဘာလ ၅ ရက်မှ ၇ ရက်အထိ ဂျကာတာမြို့တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံ ၂၂၊ ဆွေးနွေးဘက်မိတ်ဖက်တွေနဲ့ နိုင်ငံတကာအဖွဲ့အ စည်း ၉ ခုမှ ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ သိရပါတယ်။
အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေးအပြင် အမေရိကန်နဲ့တရုတ်လိုမျိုး အရေးပါတဲ့ အင်အားကြီး နိုင်ငံတွေကြား ဒေသတွင်းတင်းမာမှုတွေ၊ နယ်ပယ်အသီးသီးမှာ စီးပွားရေးဆိုင်ရာ လုပ်ငန်းစီမံချက်တွေကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။
ကိုးကား – Tempo
Ref; Indonesia Has Established Foundation to Resolve Myanmar Conflict, Foreign Minister Says