ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂ ရက်

အာဏာသိမ်းစစ်ကောင်စီက စစ်သည်အင်အားလိုအပ်ချက် မြင့်မားနေသည့်အတွက် လေတပ်မှ စစ်မတိုက်ဖူးသော စစ်သည်များကို သင်တန်းဟု လိမ်လည်ခေါ်ယူကာ သင်တန်းမပို့ဘဲ ရှေ့တန်း စစ်မျက်နှာသို့ ပို့ဆောင်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းမှစတင်၍ လေတပ်အသီးသီးရှိ နောက်တန်းရုံးများတွင် အမျိုးသမီး စစ်သည်များကို အစားထိုးတာဝန်ပေးပြီးနောက် ပိုလျှံနေသော အမျိုးသားစစ်သည်များကို သင်တန်းတက်ရန်ဟုပြောဆိုကာ ခေါ်ယူသွားပြီး သင်တန်းမပို့ဘဲ ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း နေပြည်တော်လေတပ်ရှိ တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“လေပ်က ရုံးအထိုင်တွေမှာ အမျိုးသမီးစစ်သည်တွေ အစားထိုးပြီးတော့ အမျိုးသားစစ်သည်တွေကို သင်တန်း တက်ရမယ်ဆိုပြီး ခေါ်တယ်။ တစ်တပ်ကို လူ ၂၀ အနည်းဆုံးခေါ်တာ။ ပြီးတော့ သင်တန်းမပို့ဘဲ ရှေ့တန်းကို ပို့လိုက်တာ။ ပြီးခဲ့တဲ့လက ကရင်ပြည်နယ်ကရှေ့တန်းမှာ လေတပ်ကလူတချို့တွေ ထိခိုက်ကျဆုံးတာတွေ ရှိတယ်”ဟု နေပြည်တော်လေတပ်မှ တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလကစတင်၍ မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် နယ်မြေခံ PDF တပ်များ၊ NUG အစိုးရ၏ PDF တပ်များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကို အပြင်းအထန် ရင်ဆိုင်နေရဆဲဖြစ်သည်။

လက်ရှိတွင် ကချင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ကရင်၊ ရှမ်း၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးစသည့် ပြည်နယ်နှင့် တိုင်းများ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများ ဖြစ်ပွားနေသည်။ အထူးသဖြင့် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအဆင့် ဗိုလ်မှူး၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီးများအပါအဝင် စစ်သည်အများအပြား ထိခိုက်ကျဆုံးမှု များပြားနေသလို စစ်သည်အင်အား လိုအပ်ချက်လည်း မြင့်မားလျှက်ရှိကြောင်း သိရသည်။

“တပ်က အင်အားလိုနေတော့ လေတပ်ကလူတွေကို နောက်ထပ်တကြိမ် သင်တန်းဆိုပြီး လိမ်ခေါ်မှာ၊ ရှေ့တန်းပို့မှာတွေကို တော်တော်လေး စိုးရိမ်နေကြတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်အတွင်းသို့ ဝင်ရောက်သူနည်းပါးနေသဖြင့် စစ်သားစုဆောင်းသူများမှာ အွန်လိုင်း၌ စီးပွားရေးလုပ်ငန်း အယောင်ဆောင်၍ အလုပ်များ လိမ်ညာခေါ်ယူကာ စစ်တပ်အတွင်း သွတ်သွင်းမှုများ၊ ရာဇဝတ်မှု ကျူးလွန်သူများကို တပ်ထဲဝင်လျှင် အပြစ်လွှတ်ပေးမည်ဟု စည်းရုံးသွတ်သွင်းခြင်း၊ လမ်းဘေး၌ နေထိုင်စားသောက်ရသည့် လေလွင့်လူငယ်များကို စည်းရုံး၍ တပ်ထဲသို့ သွတ်သွင်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

တပ်မတော် ဗိုလ်လောင်းသင်တန်းများမှာလည်း လျှောက်ထားသူနည်းပါးသဖြင့် စစ်ကောင်စီက သင်တန်းလျှောက်လွှာ ပိတ်ရက်ကို ၂ ကြိမ်တိုင် နောက်ဆုတ်ခဲ့သလို အရည်အချင်းသတ်မှတ်ချက်တချို့ကိုလည်း ဖြေလျှော့ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်သားများ၏ ပုံဟောင်းကိုပြန်လည်အသုံးပြုထားသည်။

#စစ်တပ် #လေတပ် #အင်အားလျော့ #သင်တန်း #လိမ်လည်ခေါ်ယူ #Ayeyarwaddy_Times