ဧရာဝတီတိုင်း
(အုတ်ဖို)၊ စက်တင်ဘာလ ၁ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် အမှတ်(၆)၊ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးတင်မျိုးအောင်အား ယမန်နေ့ဩဂုတ်လ ၃၁ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) ၊ တပ်ခွဲ-၄၊ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ခမရ(၆)မှ ဗိုလ်ကြီးတင်မျိုးအောင်သည် အုတ်ဖိုမြို့နယ်တွင် တာဝန်ကျနေသည်မှာကြာမြင့်နေပြီဖြစ်ပြီး ဆိုင်ကယ်စီးလာစဉ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးခဲ့ပြီး MA-3 သေနတ်တစ်လက်၊ ဖုန်းတစ်လုံး၊ ပြန်တမ်းဝင်ကတ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ဒီဗိုလ်ကြီးက အုတ်ဖို ခမရ-၆ မှာတာဝန်ကျတာကြာပီ။ သူ့ဇာတိက လက်ပံတန်း ဇီးဖြူကုန်းကလို့သိရတယ်။ ဒီဘက်မှာဆို သူကဩဇာညောင်းတယ်ပြောလို့ရတယ်။ လောင်းကစားဝိုင်းတွေဆိုလည်း သူက ဦးဆောင်လုပ်တယ်။ ဒေသခံတွေကိုလည်း မတရားဖမ်းဆီးတာတွေ လုပ်တယ်။ အဲ့တာကြောင့်ရှင်းလင်းခဲ့ရတာပါ” ဟု PDFတပ်ရင်း ၃၈၀၂၊ တပ်ရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် ဗိုလ်ကြီးတင်မျိုးအောင်သည် NLDအစိုးရလက်ထက်တွင် ဒေသခံများကို ပြန်လည်ပေးအပ်ထားသည့် စစ်တပ်ကသိမ်းယူထားသည့် လယ်ဧကရာကျော်ကိုလည်း အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းဦးဆောင်၍ ပြန်လည်သိမ်းယူကာ ရောင်းစားခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးဦးမျိုးဇော်အောင်အား အမည်မသိ သေနတ်သမား နှစ်ဦးမှ လာရောက်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
ဓာတ်ပုံ – ပေးပို့
#အုတ်ဖို #သိမ်းဆည်းလယ်ယာမြေများ #ပြန်လည်ရောင်းစား #ခမရ၆ #စစ်ကောင်စီတပ်ဗိုလ်ကြီး #အသတ်ခံရ #PDF #Ayeyarwaddy_Times