ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်

ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် ဩဂုတ်လ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်နိုင်ပါသည်။)

စစ်တပ်အသိုင်းအဝိုင်းအပါအဝင် စစ်ကောင်စီ ထောက်ခံသူများသည်ပင် ကုန်ဈေးနှုန်း ကြီးမြင့်ဒဏ်ကို အလူးအလဲခံနေရ၍ အုတ်အော်သောင်းနင်းဖြစ်လာချိန်တွင် စစ်ကောင်စီ က စျေးနှုန်းများကို သတ်မှတ် ရည်ညွှန်းနှုန်းထားထက် ပိုမိုရောင်းချသူများကို တင်းကျပ်စွာအရေးယူမည်ဖြစ်ကြောင်း ကြေညာပြီးနောက် မြင့်တက်နေသော ကုန်စည်ဈေးနှုန်းအချို့ အနည်းငယ် ပြန်လည် ကျဆင်းလာသည်။

ပြီးခဲ့သည့်တစ်ပတ်တွင် အမြင့်ဆုံးဈေးနှုန်းရောက်ရှိနေသာ အမေရိကန် ဒေါ်လာငွေ လဲနှုန်းထားအပါအဝင် နိုင်ငံခြားငွေလဲနှုန်းထားများ၊ အကယ်ဒမီရွှေဈေးနှင့် ဆန်ဈေး၊ စားအုန်းဆီဈေးနှုန်းတို့ ယခုတစ်ပတ်တွင်ပြန်လည် ကျဆင်းလာသည်။

#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကောင်စီက နိုင်ငံခြားငွေကိုခွင့်ပြုချက်မရှိဘဲကိုင် ဆောင်သူ များကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်းတွင် နိုင်ငံခြားငွေလဲနှုန်းများကျဆင်း လာသည်။

နိုင်ငံခြားငွေ တရားဝင်ရောင်းဝယ်ခွင့်ရှိသော လိုင်စင်ရဘဏ်များနှင့် ငွေလဲကောင်တာ များတွင် တရားဝင်နိုင်ငံခြား ငွေဝယ်ယူရမည်ဟုကြေညာထားသော်လည်း လွတ်လပ် လွယ်ကူစွာဝယ်ယူနိုင်ခြင်းမရှိသဖြင့် နိုင်ငံခြားငွေလိုအပ်သူများက ပြင်ပဈေးကွက်ကို အားထားနေရခြင်းဖြစ်သည်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးသည် ဩဂုတ် ၁၆ ရက်နေ့တွင် ၃၇၀၀ ကျပ်ရှိရာမှ ၂၀ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၃၉၅၀ ကျပ်ဝန်းကျင်ရောက်ရှိခဲ့ပြီး ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့တွင် ၃၇၁၀ ကျပ်ဝန်းကျင်ရှိကြောင်းဈေးကွက်အတွင်း စုံစမ်းသိရသည်။

ထိုင်းဘတ်ငွေဈေးသည် ယခုရက်ပိုင်းအတွင်း ပြန်လည်ကျ ဆင်းသွား ခြင်းမရှိဘဲ ဩဂုတ် ၁၆ ရက်နေ့တွင် ထိုင်းငွေ တစ်ဘတ်လျင် ၁၀၃ ကျပ်ရှိရာမှ ဩဂုတ် ၃၁ ရက်နေ့တွင် ထိုင်းတစ်ဘတ် ၁၀၅ ကျပ်ဖြစ်လာပြီး ကျဆင်းသွားခြင်း မရှိသည်ကို တွေ့နေရသည်။

“အခုက ဒေါ်လာဈေးတော့ ကျတယ်။ ဘတ်ဈေးကမကျဘူးဖြစ်နေတယ်။ နိုင်ငံခြား ငွေကိုင်ရင်စိတ်မချရဘူး။ ဒေါ်လာကိုင်ရင်ဖမ်းတာနဲ့ဘာနဲ့ဆိုတော့ ဘတ်ကိုင်ထားရင် ကောင်းမယ်ထင်လို့ ကျပ်ကိုဘတ်လဲထားမလား စဉ်းစားနေတယ် ”ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။

ထိုင်းဘတ်ငွေနည်းတူ တရုတ်ငွေ ယွမ်ဈေးသည်လည်း မြင့်တက်လျက်ရှိကာ ယခုလအတွင်း ၃၄ ကျပ် ကျော်မြင့်တက်ခဲ့ပြီး ဩဂုတ်လ ၁၆ ရက်နေ့က တရုတ်ငွေ တစ်ယွမ်လျှင် ၅၀၈ ကျပ်အထိ မြင့်တက်ခဲ့ပြီး ယနေ့(ဩဂုတ်လကုန်)အထိ ဈေးပြန်လည်ကျဆင်းခြင်း မရှိသည်ကို ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် တရုတ်ယွမ် တစ်ယွမ်လျှင် ၅၀၈ ကျပ်ရှိရာမှ မြန်မာ ငွေတစ်သိန်းလျှင် ၁၉၇ ယွမ်သာ ရရှိကြောင်း တရုတ်နှင့် မြန်မာငွေအရောင်း အဝယ် ပြုလုပ်သူ တစ်ဦးက ပြောကြားသည်။

#ပြည်တွင်းရွှေဈေးနှုန်း

လက်ရှိတွင်ငွေကြေးဈေးကွက်နှင့် အတူတက်လာသောရွှေဈေးကွက် ဈေးနှုန်း မြင့်တက် နေပြီး ဒေါ်လာဈေး ပြန်လည်ကျဆင်းလာသော်လည်း ရွှေဈေးနှုန်းသိသာစွာ ကျဆင်း လာခြင်း မရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရသည်။

ဩဂုတ် ၁၆ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်းကျော် အထိ ရောက်ရှိလာပြီး ယမန်နေ့ ဩဂုတ် ၃၁ ရက်နေ့တွင် ၃၇ သိန်းကျော်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ရွှေဈေးနှုန်းသတ်မှတ်ရာတွင် နိုင်ငံတကာ‌ဈေးနှုန်းမှတဆင့် ဒေါ်လာဈေးကိုသွားပြီး ပြည်တွင်းရှိ market ဈေးနှုန်းနှင့်‌မြှောက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဇော်မြင့်နိုင်က စစ်ကောင်စီသတင်း စာရှင်းလင်းပွဲတွင်ပြောကြားထားသည်။

“ကမ္ဘာရွှေဈေးရုတ်တရက် ကျသွားတဲ့အချိန်မှာ ဒေါ်လာဈေးမကျဘူး။ ရွှေဈေးကလည်း မကျဘူး။ အခုတစ်ခါ ကမ္ဘာ့ရွှေဈေးကျသယောင်ရှိတော့ ရွှေနဲ့ငွေဆက်စပ်ပြီး ငွေဈေး တက်လာတယ်။ ရွှေဈေးနဲ့ငွေဈေး အဓိကတက်ရတာက ကောလာဟလ တွေကြောင့်ဖြ စ်တယ် ” ဟု ဗဟိုဘဏ်ဒုတိယဥက္ကဌက ဆိုသည်။

ထို့ပြင် ရွှေဈေးတွက်ရာတွင် ဗဟိုဘဏ် online trade ဈေး တစ်ဒေါ်လာလျှင် ၂,၉၂၀ ကျပ် ဖြင့်တွက်ပါက အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၂,၉၅၀,၀၀၀ သိန်း ဝန်းကျင်ထက် မကျော်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားထားသည်။

#ပြည်တွင်းစက်သုံးဆီဈေးနှုန်း

နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်နေပါက ၎င်းနှင့်ဆက်စပ်နေသည့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းလည်း မြင့်တက်မည်ဖြစ်ပြီး ယခုရက်ပိုင်း အတွင်းဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၂၃၀၀ နှင့် ဒီဇယ်တစ်လီတာလျှင် ၂၅၀၀ ကျော်ရောက်ရှိလာရာ တစ်ပတ်အတွင်း ကျပ်တစ်ရာကျော်မြင့်တက်လာကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ဒီဇယ်တစ်လီတာ ကျပ် ၂၅၀၀ နီးပါး၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ်၂၄၀၀ နီးပါးနှင့် ၉၂ တစ်လီတာ ကျပ် ၂၃၀၀ ဝန်းကျင်ရောက်ရှိလာခြင်းဖြစ်သည်။

ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့တွင် ၉၂ တစ်လီတာ ၂၂၇၅ ကျပ် ၊ ၉၅ တစ်လီတာ ၂၃၈၅ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၅၅ ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၄၇၅ ကျပ်ရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီထံက သိရသည်။

ဩဂုတ် ၁၆ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ကျပ် ၂၂၈၅ ၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၃၉၅ ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၉၅ နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၂၀ ကျပ်ရှိ၍ စက်သုံးဆီစျေးနှုန်းလည်း အနည်းငယ်မြင့်တက်နေသည်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

နိုင်ငံခြားငွေလဲ ဈေးနှုန်းမြင့်တက်နေ၍ အထွေထွေကုန်ဈေးနှုန်းလည်း လိုက်ပါ မြင့်တက်နေပြီး ဩဂုတ်လအတွင်း ဆန်ဈေးနှုန်းမြင့်ဆုံးအခြေအထိရောက်ရှိလာပြီး စပါးဈေးလည်းမြင့်တက်လျက်ရှိကြောင်း ဆန်စပါးရောင်းဝယ်သူများထံက သိရသည်။

ရွှေဘိုဆန်အိုးဝင်ထိပ်စတစ်အိတ်လျှင် အမြင့်ဆုံးဈေး ကျပ်တစ်သိန်းခြောက်သောင်း ထိမြင့်တက်လာ တစ်လအတွင်း ကျပ်တစ်သောင်းမှ သုံးသောင်းအထိမြင့်လာ ခြင်းဖြစ်ကြောင်း ဆန်လက်လီလက်ကားရောင်းချသူ တစ်ဦးက ပြောကြားသည်။

စစ်ကောင်စီသည် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တင်ရောင်းချသူများကို ဖမ်းဆီးအရေးယူမည်ဟု မကြာခဏ ထုတ်ဖော်ပြောကြားမှုများပြုလုပ်ပြီးနောက် ဩဂုတ် ၃၀ ရက်နေ့တွင် ဆန်ဈေးနှုန်းပြန်လည်ကျဆင်းလာသော်လည်း ဆန်အရည်အသွေး လျော့ကျနိုင်ကြောင်း ဆန်လက်လီလက်ကားရောင်းချသူ က ဆိုသည်။

“ ဆန်သည်တွေက ဈေးကိုမကပ်တော့ဘူး။ ဈေးလျော့ရောင်းလိုက်တော့ အမျိုးအစား ညံ့သွားမှာပေါ့။ အရင်ရက်က ရွှေဘိုတစ်အိတ်ကို တစ်သိန်းခြောက်သောင် းခွဲရှိချိန်မှာ ဖျာပုံပေါ်ဆန်းက တစ်သိန်းနှစ်သောင်းငါးထောင်။ အခုဈေးကျတာက ရွှေဘိုက ဖျာပုံပေါ်ဆန်းဈေးဖြစ်သွားတယ်။ ဆန်သားရောမလားတော့မသိဘူး။ ဈေးကတအား ကွာတော့”ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

လက်ရှိဆန်လက်လီလက်ကားရောင်းချနေသည့် ဆန်ဆိုင်များသည် ဝယ်ယူသူများ မျက်စိလည်စေရန် ဆန်အမျိုးအစားအားလုံး ရှေ့တွင်ရွှေဘိုစကားလုံးထည့်ထားကြောင်း အိမ်ရှင်မ က ဆိုသည်။

ပြည်တွင်းစားသုံးမှုမြင့်သော ပေါ်ဆန်းအုပ်စုဝင် ဆန်အမျိုးအစားများသည် ကျပ် တစ်သိန်းကျော်မှ ကျပ်တစ်သိန်းသုံးသောင်းကျော်၊ ရွှေဘိုပေါ်ဆန်းမွှေးအိုးဝင်ထိပ်စ တစ်အိတ်လျှင် ကျပ်တစ်သိန်းခွဲအထိရှိကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရသည်။

ထို့ပြင် ရိုးရိုးဆန်များဖြစ်သည့် ဆင်းသွယ်ရှယ် ဆန်တစ်အိတ်လျှင် ၈၆,၀၀၀ ကျပ်၊ ရက် ၉၀ ဆန် ၈၂,၀၀၀ ကျပ်၊ ဇီယာရှယ်ဆန် ၇၄,၀၀၀ ကျပ် နှင့် မနောသုခရှယ်ဆန် ၇၆,၀၀၀ ကျပ်ရှိကြောင်းသိရသည်။

#စားသုံးဆီစျေး

ယခုတစ်ပတ်အတွင်း စားသုံးဆီဈေးနှုန်းသိသိသာသာမြင့်နေချိန် တစ်လကျော်ပြီးသည့် နောက်တွင် စစ်ကောင်စီက စားသုံးဆီတည်ငြိမ်ရေးအဖွဲ့ဖွဲ့စည်းပြီး ဈေးနှုန်းတည်ငြိမ်ရေး ထိန်းချုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်သည်။

ယင်းနောက် စားအုန်းဆီဈေးနှုန်း ကျပ်လေးထောင်ခန့် လျော့ကျသွားကြောင်း ဈေးကွက် အတွင်းမှသိရသည်။

ဩဂုတ်လ ၂၇ ရက်နေ့ထိ စားအုန်းဆီဈေးနှုန်း တစ်ပိဿာလျှင် ကျပ် တစ်သောင်း နှစ်ထောင်(၁၂,၀၀၀) ရှိရာမှာ ဩဂုတ်လ ၃၀ ရက်နေ့တွင် တစ်ပိဿာ ကျပ်ကိုးထောင် (၉,၀၀၀) အထိ ကျဆင်းခဲ့ပြီး ကျပ်လေးထောင်လျော့ကျသွားကြောင်း သိရသည်။

စစ်ကောင်စီသတ်မှတ်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၄,၁၅၅ သတ်မှတ်ထားသော်လည်း ပြင်ပဈေးတွင် တစ်သောင်း(၁၀,၀၀၀)နီးပါးရောက်ရှိနေကြောင်း ဈေးကွက် အတွင်းက စုံစမ်းသိရသည်။

#စားဖိုဆောင်သီးနှံ

စားဖိုဆောင်သီးနှံများတွင်မူ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေး မြင့်တက်လာကြောင်း သိရသည်။ ကြက်သွန်နီတစ်ပိသာ ကျပ် ၄၀၀၀ ၊ ကြက်သွန်ဖြူ တစ်ပိသာ ကျပ် တစ်သောင်းနှစ်ထောင် ဖြစ်လာပြီး အာလူးတစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း ညောင်ပင်လေးဈေး အတွင်းမှ စုံစမ်းသိရသည်။

“တစ်နေ့ တစ်နေ့ဈေးသွားရတာ ခေါင်းခြောက်တယ်။ ဈေးတွေကြီးတော့ ဘာဝယ် ရမလဲ စဉ်းစားနေရင်းနဲ့ ဟင်းစားတွေလည်း ဆိုင်မှာကျန်လို့ ကျန်နဲ့။ ဒီနေ့ဈေးထဲမှာ ဆန်ဈေး ဆီဈေးကျနေပြီးလို့ လိုက်အော်နေ တာတော့တွေ့တယ်။ သား၊ ငါးတွေကတော့ ဈေးတက်နေတာ။ ဟင်းသီးဟင်းရွက်တွေလည်း အကုန်တက်ပဲ”ဟု အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #Ayeyarwaddy_Times