ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ရှိ မြို့ကြီးများ၌ အထူးကုဆရာဝန်အများအပြား အကြမ်းမဖက် အာဏာဖီဆန်ရေး – CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြရာ စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည့်အတွက် CDM ဆရာဝန်များ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။
ထိုသို့ထွက်ပြေးခဲ့သည့်နောက်ပိုင်း CDM အထူးကုဆရာဝန်များထိုင်သည့်ဆေးခန်းများတွင် စစ်ကောင်စီ လက်အောက်အမှုထမ်းနေသည့် Non-CDM ဆရာဝန်များက ဝင်ရောက် ဆေးခန်း ထိုင်နေကြပြီး ဝင်ငွေကောင်းနေကြောင်း CDM ဆရာဝန်အသိုင်းအဝိုင်းထံမှ သိရသည်။
“Non- CDM ဆရာဝန်တွေက CDM တွေရဲ့ နေရာကို ဝင်ယူပီး ဆေးခန်းတွေ လှည့်ပတ်ထိူင်၊ ဆေးရုံတွေထိုင်ပြီး ပျော်နေကြတာ မြင်နေရတယ်။ ကျွန်တော်ဆို ပုဂ္ဂလိကဆေးရုံတစ်ရုံထိုင်ရင်တစ်လကို သိန်း ၂၀ ဝင်ငွေရှိတယ်။ ဆေးရုံ ၃ ရုံ ထိုင်ရတော့ လစဉ်သိန်း ၆၀ ရခဲ့တယ်။ အခု ကျွန်တော် CDM လုပ်လာတော့ အဲ့နေရာကို Non – CDM ဆရာဝန်မတစ်ယောက်က ဝင်ယူပြီး ဆေးခန်းတွေထိုင် ဝင်ငွေတွေကောင်းပြီး ပျော်နေတာ တွေ့နေရတယ်”ဟု မကွေးတိုင်းအတွင်းမှ CDM ပြုလုပ်လာသည့် အထူးကုဆရာဝန်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် မြန်မာပြည်ဒေသအနှံ့အပြားမှ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကစတင်၍ အကြမ်းမဖက် အာဏာဖီဆန်ရေး – CDM လှုပ်ရှားမှုကို စတင်ခဲ့ပြီးနောက် တနိုင်ငံလုံးရှိ ဌာနအသီးသီးသို့ ပျံ့နှံ့ခဲ့ပြီး အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာလည်း ပိုမိုအားကောင်းခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ = NUG အဆိုအရ တနိုင်ငံလုံးရှိ ဝန်ထမ်းပေါင်း ၄ သိန်းကျော်မှာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ဆရာဝန်များအပါအဝင် CDM ဝန်ထမ်းများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ တရားစွဲဆိုထောင်ချခြင်း၊ နေအိမ်လိုင်းခန်းများမှ နှင်ထုတ်ခြင်း၊ ခံစားခွင့်များ ရုပ်သိမ်း၍ အလုပ်မှထုတ်ပယ်ခြင်းတို့ပြုလုပ်ကာ CDM လှုပ်ရှားမှုကို အပြင်းအထန် ဖိနှိပ်ခဲ့သည်။
“CDM ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးဝန်ထမ်းတွေ ဘယ်ဝန်ထမ်းကိုမှ အလုပ်မခန့်ရဘူး၊ ခန့်ရင်လုပ်ငန်းလိုင်စင် ပိတ်မယ်၊ တရားစွဲ ထောင်ချမယ်ဆိုပြီး စစ်ကောင်စီက ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကို တားမြစ်ထားတယ်။ တကယ်လည်း လုပ်ခဲ့တယ်။ အဲတော့ CDM တွေက အိမ်မှာလည်း နေလို့မရ၊ အလုပ်ကလည်းပြုတ်၊ အပြင်မှာလည်း အလုပ်လုပ်မရအောင်ကို စစ်ကောင်စီက ယုတ်မာခဲ့တာ။ အဲ့လိုနဲ့ CDM တွေပြေးရပြီး နေရာလွတ်တဲ့ဆေးခန်းတွေကို Non – CDM တွေက ဝင်ထိုင်တာပေါ့။ သူတို့ကတော့ တိုင်းပြည်မှာဖြစ်နေတာ သူတို့နဲ့မဆိုင်သလို အေးဆေးပဲ ငွေတွေသဲ့ယူနေတာ”ဟု ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
စားဝတ်နေရေး ခက်ခဲကြပ်တည်းမှုကြောင့် CDM ဆရာဝန်တချို့နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတချို့ စစ်ကောင်စီ လက်အောက် ပြန်လည်အလုပ်ဝင်ခဲ့ကြသော်လည်း ဌာနတွင်း ခွဲခြားဆက်ဆံခံရခြင်းနှင့် ဌာနအကြီးအကဲများ၏ အညှိုးထားဖိနှိပ်မှုများ ရင်ဆိုင်နေရကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။
ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းအများအပြားမှာ CDM ဆက်လက်ပြုလုပ်နေကြသဖြင့် စစ်ကောင်စီလက်အောက်ရှိ အစိုးရဆေးရုံများ၌ ဝန်ထမ်းအင်အား မလုံလောက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း သိရသည်။
#Ayeyarwaddy_Times #စစ်ကောင်စီ #CDM #ဆရာဝန် #Non-CDM #ဆေးရုံဆေးခန်း