ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ချိုးဖောက်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ ဒေသခံ ၃ ဦးကို သြဂုတ်လ (၃၀)ရက်နေ့က မြို့နယ် တရားရုံးမှာ ထောင်ဒဏ် တစ်လ ပြစ်ဒဏ် ချက်မှတ်လိုက်ကြောင်းတရားရုံးနှင့် နီးစပ်သူများထံက သိရသည်။
ယခု ထောင်ဒဏ်ချမှတ်ခံရသူဒေသခံ ၃ ဦးမှာ ပန်းတနော် – ကန်ကြီးထောင့်ကားလမ်းပေါ်မှာ ခရီးသွားနေသည့်သူများဖြစ်ပြီး ပန်းတနော်မြို့ကို ကိစ္စတစ်ခုဖြစ် လာရောက်စဥ် ဖမ်းဆီးခံရတာဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရှိရသည်။
“တစ်ကယ်ခိုးဆိုးလုနိုက်တွေကြတစ်ခါမှမမိဘူး၊ အလုပ်အစောကြီးသွားမိတာတို့ မြို့တက်ဈေး၀ယ်တာတို့ ဆို လှည့်ကင်းနဲ့တွေ့ပြီး ပိုက်ဆံညှစ်တယ်မရရင် ထောင်ချနေတာပဲ”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်မ်းကိုပြောသည်။
ညမထွက်ရအမိန့်ကြောင့် ဖမ်းဆီးခံရသည့် ဒေသခံအများစုသည် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးများနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရသူများဖြစ်ကာ ထွေအုပ်က တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။
ဧရာ၀တီတိုင်းတွင် ညမထွက်ရအမိန့်ကို ည ၁၂ နာရီ ဟု သတ်မှတ်ထားသော်လည်း အချို့ မြို့နယ်များတွင် စစ်ကောင်စီနှင့် ရဲများက ညစဥ် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်သည့် ဒေသခံများကို ဖမ်းဆီးကာငွေတောင်းခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။
#ပန်းတနော်မြို့ #ဒေသခံ #ညမထွက်ရအမိန့် #စစ်ကောင်စီတပ် #Ayeyarwaddy_Times