
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၁ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဇူလိုင်လမှ စတင်ကာ ယနေ့ ဩဂုတ်လ အထိ ဝက်ရောဂါ ဖြစ်ပွားကာ ဝက်အများအပြားသေဆုံးပြီး ဝက်သေကောင်များကို ချောင်းထဲသို့မျောချ ခြင်းများပြုလုပ်လာ၍ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့က ဥပုသ်ချောင်းတွင် အပုပ်နံ့ ထွက်နေသည့် ဝက်ကြီး မျောပါလာ၍ ဒေသခံများအနေဖြင့် စိုးရိမ်နေကြကြောင်း သိရသည်။
ဝက်ရောဂါကြောင့် အချို့ဝက်များသည် ချွေးသလိပ်များထွက်ကာ ဝမ်းလျှောဝမ်းပျက် ဖြစ်၍ အရေပြားနီရဲသော လက္ခဏာဖြင့် သေဆုံးကြခြင်းဖြစ်ပြီး ဝက်ပိုင်ရှင်များက ဝက်သေကောင်များကို နီးစပ်ရာချောင်းများတွင် မျှောချနေကြကြောင်း ဒေသခံများ ထံကသိရသည်။
“တချို့ဆို တစ်ခြံလုံးမွေးထားတဲ့ ဝက်အကြီးတွေပဲ ၁၀ ကောင်လုံး အကုန် သေတာလည်းရှိတယ်။ ကျွန်မတို့ဝက်ဆို သားပေါက်တာ ၂ လလောက်ပဲရှိသေးတဲ့ ဝက်မ ကြီးပါ။ အစာမစားချင်တော့လို့ တိရိစ္ဆာန်ဆရာဝန်နဲ့ပြပြီး ကုတယ်။ ခဏတော့ ပြန်သက်သာလာပေမယ့် ပြန်ဖျားပြီး သေသွားတယ်။ ကျွန်မတို့အိမ်နားက ဝက်တွေ လည်းသေကြတယ်။ သားသတ်ခုံက သားသတ်သမားတွေက အသေကောင်ကို တစ်ကောင်ကို နှစ်သောင်းကျပ် နဲ့လာဝယ်ကြတာမျိုးရှိတယ်။ အဲ့ဒီနောက်ပိုင်း ဝက်သား ဝယ်မစားရဲတော့ဘူး။ ကလေးမြို့က သားသတ်ခုံတွေမှာလည်း ဝက်သားဝယ်တဲ့သူ မရှိသလောက်နည်းနေပါပြီ” ဟု ဝက်မွေးမြူသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်း မ်ကို ပြောသည်။
ဝက်ရောဂါကြောင့် သေဆုံးသွားသည့် ဝက်များကို မြေမြှုပ်ရန်နှင့် ချောင်းအတွင်း စည်းကမ်းမဲ့စွာ စွန့်ပစ်မှုများကြောင့် ဆိုးရွားသည့် အနံ့အသက်များအပြင် နောက်ဆက် တွဲ ကျန်းမာရေးပြဿနာများလည်း ဖြစ်လာနိုင်၍ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ကလေးမြို့ဒေသခံများက ဆိုသည်။
ဓာတ်ပုံ – Salai Nun Lian
ပုံစာ – ကလေးမြို့ ဥပုသ်ချောင်းထဲတွင် ဩဂုတ်လ ၂၉ ရက်နေ့က ဝက်အသေတစ်ကောင်မျောလာစဥ်
#ကလေးမြို့ #ဝက်ရောဂါဖြစ်ပွား #ဝက်အသေကောင်များ #ချောင်းထဲတွင်မျောချ #ကျန်းမာရေးပြဿနာများ #ဒေသခံများစိုးရိမ် #Ayeyarwaddy_Times