ဧရာဝတီတိုင်းမ်

(ဒီးမော့ဆို)၊ ဩဂုတ်လ ၃၁ ရက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်း ရှိ စစ်ဘေးရှောင်စခန်း နှစ်ခုကို ယနေ့ဩဂုတ်လ ၃၁ ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ဒီးမော့ဆိုအနောက်ခြမ်းရှိ အရပ်သားများနေထိုင်ရာ ကျေးရွာ တစ်ခု အနီးသို့ နံနက်အစောပိုင်းအချိန်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံများ ထိခိုက်မှုမရှိသော်လည်း နေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီးမော့‌ဆိုအရှေ့ခြမ်းရှိ စစ်ဘေးရှောင်များနေထိုင်ရာစစ်ရှောင်စခန်းကို နံနက် ၆ နာရီဝန်းကျင်တွင် ထပ်မံ၍ တိုက်လေယာဉ် နှစ် စီးဖြင့် ဗုံး ကိုး လုံးကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်းနှင့် စစ်ရှောင်တဲအချို့ပျက်စီးခဲ့ကြောင်း KNDF ထံကသိရသည်။

“မနက်က နှစ်နေရာကြဲသွားတာ။ အရှေ့ဘက်ခြမ်းမှာက သုံးယောက်ထိတာ။ အမျိုးသား တစ်ဦးကသေသွားတယ်။ ကျန်တဲ့သူတွေကိုတော့ အခုဆေးရုံပို့ထားတယ်။ စစ်တပ် ဘက်က ဒီနေရာကအရပ်သားတွေပဲရှိတယ်ဆိုတာ သိသိကြီးနဲ့ပစ်တဲ့ပုံပါ။ ဘာလို့လဲ ဆိုတော့ အဲ့ဒီဘက်မှာက စစ်ရှောင်စခန်းတွေပဲရှိတာ။ တိုက်ပွဲဧရိယာလဲ မဟုတ်ဘူး” ဟု စစ်ဘေးရှောင်များကိုအကူအညီပေးနေသည့် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ဘေရှောင်စခန်းတွင် မိသားစု ၁၅၀ ကျော် နေထိုင်နေပြီး စစ်ဘေး‌ရှောင်အများစုမှာ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ် များမှဖြစ်ပြီး ယခုအခါ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ‌စစ်ဘေးရှောင် များမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်တိုက်ပွဲများအတွင်း အထိနာ‌နေသည့်အတွက် အရပ်သားများ အပေါ်လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေပြီး ဒီး‌မော့ဆို မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စာ‌သင်ကျောင်းအပါအဝင် ဒေသခံနေအိမ်တချို့ပျက်စီးခဲ့သည်။

ဓာတ်ပုံ – KNDF

#ဒီးမော့ဆို #စစ်ရှောင်စခန်း #လေကြောင်းတိုက်ခိုက် #ဒေသခံသေဆုံး #စစ်ကောင်စီ #Ayeyarwaddy_Times